Home
မြန်မာသတင်း
ကျဆုံးသူရဲကောင်းနှင့် CDM များအပါအဝင် လူသားစာနာအကူ ကျပ်သန်း ၃၄၀ ကျော် NUG ထောက်ပံ့
DVB
·
July 15, 2025

ပြီးခဲ့တဲ့ ဇွန်တလတာအအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေ အပါအဝင် လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၃၄၃ ဒသမ ၃၅ သန်းကို အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တဲ့အကြောင်း ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်ကာ အစိုးရနဲ့ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ဖို့အတွက် တင်ပြတာလို့ ဆိုပါတယ်။

အဆိုပါ ထောက်ပံ့ကူညီမှုတွေမှာတော့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင် ပြည်သူ ၄၆,၀၀၀ နီးပါးရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် ၇၅ ဒသမ ၇၆ သန်း၊ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ ၅၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၆ ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၁၃ ဒသမ ၄၀ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ငွေကျပ် ၀ ဒသမ ၄၀ သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက်  ငွေကျပ် ၂၄၈ ဒသမ ၇၇ သန်း ပါဝင်နေတာပါ။

ဒါ့အပြင် CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်  ငွေကျပ် ၀ ဒသမ ၇၀ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၄ ဒသမ ၃၂ သန်း ထောက်ပံ့ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရအနေနဲ့ တော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင် နိုင်ရေးကိုသာ ရှေးရှုပြီး အဘက်ဘက်အကျပ်အတည်းတွေကြား ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတဦးချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်တွေ၊ ထားရှိတဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူမိကြောင်းနဲ့ ရှေ့ဆက်ပြီးတော့လည်း မလျော့သောဇွဲနဲ့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြဖို့လည်း နှိုးဆော်ထားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသူ ဦးရေ ၁၉ ဒသမ ၉ သန်းနဲ့ လိုအပ်ချက် စံချိန်တင်မြင့်တက်နေပြီး အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ထပ်တိုးလူဦးရေ ၂ သန်းကလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က အခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် မကြာခဏ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဖြစ်ပွားနေဆဲ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့်လည်း ခက်ခဲတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်တွေကို ဆက်လက်ရင်ဆိုင်နေရပြီး နိုင်ငံတဝန်း လူဦးရေ ၃ ဒသမ ၅ သန်းလောက်ကလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အခု ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ရန်ပုံငွေဟာလည်း ၇ ဒသမ ၈ ရာခိုင်နှုန်းသာ ရရှိထားပြီး နောက်ဆက်တွဲ ငလျင်တုံ့ပြန်ရေး အစီအစဉ်အတွက် ၁၇ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ ကုသသမဂ္ဂက ပြောထားပါတယ်။

Source: NUG/ UNOCHA Myanmar

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013