
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မှာ ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားလာပြီး နေအိမ် ၇ လုံးကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝါးခယ်မမြို့နယ်၊ ပေကုန်းကျေးရွာမှာ ဇူလိုင် ၁၂ ရက်က ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားလာတဲ့အတွက် ကမ်းပြိုနေတဲ့ နေရာအနီးက လူနေအိမ် ၇ လုံးကို အရေးပေါ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူက “ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားတာပါ။ ကမ်းပါးပြိုကျမှုက ဆက်လက်ဖြစ်ပေါ်နေတယ်။ ဒါ့ကြောင့် ကမ်းပြိုကျနေတဲ့ နေရာအနီးက နေအိမ် ၇ လုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတာ” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ နေအိမ် ၇ လုံးက အိမ်ထောင်စု ၇ စုမှာ လူ ၃၄ ယောက်ဟာ လတ်တလော မိသားစု ဆွေမျိုးတွေရဲ့အိမ်မှာ ယာယီပြောင်းရွှေ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လူတွေ တိရစ္ဆာန်တွေ ထိခိုက်တာ သေဆုံးတာ မရှိပါဘူး။ အရေးပေါ်ဖျက်ရတော့ ဒုက္ခရောက်တာပေါ့။ မိုးတွင်းကြီး ရွှေ့ရတာကို။ အခုလို ကမ်းပါးက ရုတ်တရက် ပြိုကျမယ် မထင်ဘူး” လို့ ပြောပါတယ်။
ကမ်းပါးပြိုကျလာမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရပ်သားတွေ ပူးပေါင်းကူညီ ရွှေ့ပြောင်းပေးခဲ့တာလို့ သိရပါတယ်။
ဝါးခယ်မမြို့နယ်၊ ပေကုန်းကျေးရွာမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်ကလည်း ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျမှု ဖြစ်ပွားလို့ လူနေအိမ်ခြေ ၅ လုံးကို အရေးပေါ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသေးတယ်လို့ သိရပါတယ်။