Home
ဆောင်းပါး
ဓားသွားထက် ကလောင်သွားထက်ခဲ့တဲ့ ဆရာမောင်သာချို (သို့) စာပေအနုပညာနဲ့ တော်လှန်ခဲ့တဲ့ ဂျက်(ကွမ်းခြံကုန်း)
DVB
·
July 14, 2025

ဆရာမောင်သာချိုဟာ မြောက်ဥက္ကလာပသားဖြစ်ခဲ့သလို ကျနော်ကလည်း မြောက်ဥက္ကလာပမှာ NLD လူငယ်တာဝန် ထမ်းဆောင်ခဲ့ဖူးတော့ ကျနော်တို့လူငယ်တွေ ဦးဆောင်ပြီး စာပေဟောပြောပွဲ လုပ်ပြီဟေ့ဆိုရင် ဆရာက ထိပ်ဆုံးက ပါတယ်။ ဆရာနဲ့ စကားပြောရတာ အလွန်အရသာရှိတယ်။ ကိုယ့်အဖေ၊ ကိုယ့်ဆွေ ကိုယ်အမျိုးအရင်းကြီးလို ခံစားရတယ်။ ဇူလိုင် ၁၀ ရက်နေ့က ဆရာ ကွယ်လွန်သွားပြီ ကြားတော့ ရင်ထဲ ဟာတာတာကြီးကို ဖြစ်သွားတာ။ မြောက်ဥက္ကလာပက နောင်တော်တယောက်က ဆရာနဲ့ ဆုံခဲ့စဥ်က ဆရာ့ အဆုံးအမလေးတခု ပို့လာတယ်။ ဒီဆောင်းပါးထဲကနေ ဖော်ပြပေးလိုက်ပါရစေ။

“ညီတော်ရေ နောင်တော်တို့ (ည) ရပ်ကွက် စာပေဟောပြောတုန်းက ဆရာချို ဆုံးမခဲ့တဲ့ စကားလေး သိပ်ကောင်းတာ။ ခေတ်မီပစ္စည်းတွေသုံးပြီး အသိပညာနဲ့ ကိုယ်ချင်းစာစိတ် ခေတ်မမီရင် စာဖတ်အားနည်းလို့တဲ့။”

ဆရာမောင်သာချိုရဲ့ စာပေအနုပညာနဲ့ တိုင်းပြည်အပေါ် သက်ရောက်မှုတွေအကြောင်း ဆောင်းပါး ရေးဖို့ကတော့ တကယ်အရေးကြီးတဲ့ အကြောင်းအရာတခုပါ။ ကျနော့်အနေနဲ့ဆို ဆရာ့ကို ကလောင်နဲ့ နောက်ဆုံး ကန်တော့ရတာဟာ တရုတ်ပြည်မှာ အပ်သွားရောင်းရသလိုပါပဲ။ ဒါပေမဲ့ ကျနော်ဟာ ဆရာရဲ့ တက္ကသိုလ်မြေမှာ ပညာရင်နို့ သောက်စို့ခွင့်မရပေမဲ့ ဆရာရဲ့ စာပေဟောပြောပွဲတွေ၊ ဆရာရဲ့ စာတိုပေစတွေနဲ့ စိတ်ခွန်အားယူ ကြီးပြင်းရှင်သန်ခဲ့တဲ့ လောကတက္ကသိုလ်က ကျောင်းသားတယောက်တော့ ဖြစ်ခဲ့ပါတယ်။ ဆရာမောင်သာချိုဟာ မြန်မာ့စာပေလောကမှာ ထင်ရှား လူသိများသူတဦးဖြစ်ပြီး ၁၉၆၀ နဲ့ ၈၀ ကာလအတွင်း စာပေ၊ ဗျည်းပညာ၊ လွတ်လပ်စွာ ထင်မြင်ပြောဆိုခွင့်နဲ့ တိုင်းပြည်ရေးရာမှာ ဆွဲဆောင်မှု ပြင်းပြခဲ့သူ ဖြစ်ပါတယ်။ ဆရာရဲ့ ရေးသားချက်တွေဟာ လူထုအသိပညာမြှင့်တင်ရေးအတွက် တန်ဖိုးရှိစွာ ထောက်ပံ့ပေးခဲ့ပါတယ်။

စာပေအနုပညာအတွက် ဆရာရဲ့ အကျိုးပြုမှုများ

လူထုစာပေဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဆရာမောင်သာချိုဟာ စာဖတ်သူအများစု နားလည်နိုင်တဲ့ ဘာသာစကားနဲ့ ပုံဖော်ရေးသားနိုင်မှု ရှိပါတယ်။ နိုင်ငံရေးသဘောထားရှိတဲ့ စာရေးဆရာ ဆရာမောင်သာချိုဟာ အာဏာပိုင်စနစ်အပေါ် ထင်မြင်ချက်တွေ၊ ပြည်သူ့ဘက်က မတူညီတဲ့ မြင်ကွင်းတွေကို ရှင်းလင်းစွာ ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ စာစဉ်၊ စာအုပ်တွေ အနေနဲ့ “တောင်သူလယ်သမားနဲ့ အဖွဲ့အစည်း”၊ “မြန်မာ့အလင်းအပြာ”၊ “လွတ်လပ်မှုဆိုတာ ဘာလဲ” စတဲ့ စာအုပ်တွေဟာ လူထုကို လွတ်လပ်မှုနဲ့ တာဝန်ယူမှု အရေးကိစ္စမှာ အသိပညာပေးနိုင်ခဲ့ပါတယ်။

လူထုအသိပညာမြှင့်တင်မှု

လူထုအခြေပြု ဖော်ပြချက်တွေအနေနဲ့ အထက်တန်းလူတန်းစားတွေပဲမကဘဲ ကျရှုံးသူတွေ၊ နစ်မြုပ်သူတွေ၊ တိုက်ခိုက်ခံရသူတွေ အကြောင်းကို ရှုမြင်ရေးသားနိုင်ခဲ့ပါတယ်။ စာအုပ်တွေကနေ ဉာဏ်ပညာဖွံ့ဖြိုးမှု အလင်းတန်းတွေနဲ့ လူထုရဲ့ မေးခွန်းထုတ်နိုင်မှု၊ စဉ်းစားနိုင်မှု၊ ဝိုင်းဝန်းဆွေးနွေးနိုင်မှု စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

တိုင်းပြည်ရေးရာထဲက ပါဝင်မှု

လူထုဘက်က ရှုမြင်ချက်ပေးသူ အနေနဲ့မှာတော့ တိုင်းပြည်အတွက် ဆင်ခြင်စရာတွေ၊ ဆုံးဖြတ်မှုပေးဖို့ စိတ်ဓာတ်မြှင့်တင်မှု စတဲ့ စာပေအနုပညာမှတဆင့် အကျိုးသက်ရောက်စေခဲ့တာဟာ လက်တွေ့ မျက်တွေ့ပါပဲ။ စာပေအတွင်းကနေ တိုင်းပြည်အရေးဝါဒ ရေးရာတွေမှာ တန်ဖိုးထားစရာ မြန်မာ့ယဉ်ကျေးမှု၊ တန်ဖိုးထားစရာ လူသားချင်း ညီညွတ်မှု၊ တန်ဖိုးထားစရာ လွတ်လပ်မှု စသဖြင့် လူထုနဲ့ တိုင်းပြည်အပေါ် များစွာ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

ဆရာမောင်သာချို၏ စစ်အာဏာရှင်အပေါ် အမြင်

ဆရာ မောင်သာချိုဟာ စစ်အာဏာရှင် (မတရားစစ်အုပ်ချုပ်မှု) ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ စာပေ၊ စာပေ‌ဟောပြောပွဲ၊ အတွေးအမြင်တွေက ရက်စက်တတ်သော အာဏာရှင်စနစ်တွေ၊ စစ်အစိုးရတွေအပေါ် ချီးမွမ်းခြင်းမရှိဘဲ ဆန့်ကျင်ရေး၊ ငြင်းပယ်ရေး မကြောက်တရား စိတ်ဓာတ်အပြည့်နဲ့ ဟောပြောပြုလုပ်လေ့ ရှိပါတယ်။

“စစ်တပ်က သမိုင်းထဲ ဝင်သွားဖို့ပဲ လိုတယ်” ဆိုတဲ့ အမြင်ဟာ ဆရာရဲ့ ထင်ရှားတဲ့ ယူဆချက် ဖြစ်ပါတယ်။ ဆရာက “စစ်တပ်က အစိုးရလုပ်ဖို့ မဟုတ်ဘူး။ သူတို့တာဝန်က နိုင်ငံကို ကာကွယ်ဖို့၊ ပြည်သူကို ကူညီဖို့။ သမိုင်းထဲ ဝင်သွားဖို့ပဲ လိုတယ်” လို့ တိုက်ရိုက်ဆိုခဲ့ဖူးပါတယ်။ ကျနော်တို့ ကြက်သီးပါ ထခဲ့ရတဲ့အထိပါပဲ။ ဒီအမြင်တွေကတော့၊ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို လုံးဝမလက်ခံတဲ့ အထောက်အထားတခုပါပဲ။

“အနုပညာသည် အာဏာရှင်ကို မမြတ်နိုး”

ဆရာမောင်သာချိုရဲ့ အနုပညာရေးရာတွေက လူထုဘက်ကနေ၊ တရားမျှတမှုဘက်ကနေ အာဏာရှင်ကို စကားနဲ့ပါမကဘဲ တိုက်ရိုက်ဆန့်ကျင်ပြီး “အသံပျောက်နေတဲ့ ပြည်သူတွေ” အတွက် ကိုယ်စားပြု အသံထုတ်ပေးတယ်လို့ ဆိုနိုင်ပါတယ်။ ဆရာရဲ့ စာတွေက “စစ်တပ်က လူတန်းစားတခုလို မဟုတ်ဘူး။ ပြည်သူတို့ပေးထားတဲ့ အာဏာနဲ့ ယုံကြည်မှုကို ဖျက်ဆီးသူ” ဆိုတဲ့ အနုစိတ် ထင်ပေါ်အောင် တစ်တစ်ခွခွ ပြောနိုင်သူလည်း ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးထဲက လူ့ဘောင်ကျဉ်းကျပ်မှုကို ဝေဖန်၊ ဆရာက စစ်အာဏာအောက်မှာ လူ့ဘောင် တန်ဖိုးကျခြင်း၊ စကားပြောခြင်း၊ တားမြစ်ခြင်း၊ စာနဲ့စကားကို ထိန်းချုပ်ခြင်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအပေါ် ဆရာမောင်သာချို၏အမြင်

ဆရာမောင်သာချိုဟာ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပညာရေး၊ စာပေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေးတွေ အပေါ်မှာ ထူးခြားတဲ့ သုံးသပ်ချက်တွေနဲ့ ထောက်ခံမှုများစွာ ရရှိသူတဦး ဖြစ်ပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးအပေါ် ဆရာမောင်သာချိုရဲ့ အမြင်ကို တူးစွကြည့်တဲ့အခါ ကျနော် သဘောကျမိတဲ့ အချက်တွေကို ဒီဆောင်းပါးထဲကနေ ဖော်ပြပေးချင်ပါတယ်။

လူထုအပေါ် ယုံကြည်မှု

ဆရာမောင်သာချိုဟာ လူထုရဲ့ အာဏာပိုင်မှုအပေါ် ယုံကြည်မှုရှိသူ ဖြစ်ပါတယ်။ ဆရာဟာ လူထုသည် တန်ဖိုးသိတယ်။ နွေဦးတော်လှန်ရေးမှာ လူထုဟာ မတရားတဲ့အာဏာကို ဆန့်ကျင်တော်လှန်ကြတဲ့အခါ ဆရာမောင်သာချိုဟာ “ပြည်သူ့တရားစီရင်ရေး” ဟု သတ်မှတ်ကာ ထောက်ခံခဲ့တာ အထင်အရှား တွေ့ရပါတယ်။ သတ္တိရှိတဲ့ ကလောင်ကိုင်တဲ့ ဆရာတဆူပါပဲ။

စာပေအင်အားဖြင့် တော်လှန်ရေးထောက်ခံမှု

ဆရာရဲ့ စာစဉ်များ၊ ဝတ္ထုအကြမ်း၊ ကဗျာတွေမှာလည်း လူထုနဲ့ တရားမျှတမှုအပေါ် သတိထား ရေးသားထားပါတယ်။ နွေဦးတော်လှန်ရေး အချိန်ကာလအတွင်းမှာလည်း တိုက်ရိုက် ဝင်ရောက်ရေးသားခြင်း မရှိနိုင်ခဲ့ပေမဲ့ သူ့ရဲ့ အရင်လက်ရာတွေဟာ တော်လှန်ရေးဝိညာဉ်ကို အသက်သွင်းပေးနိုင်တဲ့ တန်ခိုးစွမ်းအင်တခု ဖြစ်ခဲ့ပါတယ်။

တန်ဖိုးတက်သော လူ့ဘောင်ကို တောင်းဆိုခြင်း

ဆရာဟာ လူ့ဘောင်တန်ဖိုးတက်ရေး၊ လွတ်လပ်ရေးနဲ့ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးကို စဉ်ဆက်မပြတ် တောင်းဆိုသူ ဖြစ်ပါတယ်။ “လူ့ဘောင်တန်ဖိုး” ဆိုတဲ့ စကားလုံးဟာ နွေဦးတော်လှန်ရေးသမိုင်းမှာ အရေးကြီးတဲ့အဓိပ္ပာယ် ဖြစ်လာပါတယ်။ အနုပညာဟာ တရားတဲ့ဘက်ကို ထောက်ခံရမယ်လို့ ယုံကြည်သူ ဆရာမောင်သာချိုဟာ “အနုပညာဟာ သာမန်ပြည်သူတွေဘက်မှာ ရှိရမယ်” လို့ ထင်မြင်ယူဆသူလည်း ဖြစ်ပါတယ်။ အနုပညာဟာ တရားမျှတမှု၊ လူထုအခွင့်အရေးတွေကို ထောက်ခံမှုအဖြစ် ထင်ပေါ်စေတယ်လို့ ဆရာက ယုံကြည်ပါတယ်။ ဒါကို နွေဦးတော်လှန်ရေးမှာလည်း တွေ့နိုင်ပါတယ်။

နွေဦးတော်လှန်ရေးအပေါ် ဆရာမောင်သာချိုရဲ့ အမြင်ဟာ အုပ်ချုပ်သူအနေနဲ့ မဟုတ်ဘဲ ပြည်သူ့ဘက်ကနေ တန်ဖိုးနဲ့ တရားမျှတမှုကို အဓိကထားပါတယ်။ မိမိကလောင်လက်နက်နဲ့ တင်ပြနေတဲ့ တော်လှန်ရေးဆန်တဲ့ စိတ်ဓာတ်ရှိမှုတခုလည်း ဖြစ်ပါတယ်။ ဆရာမောင်သာချိုဟာ စစ်အာဏာကို ငြင်းပယ်သူ ဖြစ်ပါတယ်။ အနုပညာသည် အာဏာရှင်ကို ဦးမညွှတ်ရဘူးလို့ ယုံကြည်သူ ဖြစ်သည်။ တစုံတယောက်ရဲ့ ငြိမ်းချမ်းသော အသက်မွေးဝမ်းကျောင်းထဲ ဝင်ပြီး ပဋိပက္ခ၊ ကြောက်ရွံ့မှုတွေ ဖြစ်စေတတ်တဲ့ စစ်အုပ်ချုပ်မှုကို သဘောမတူသူ ဖြစ်သည်။

ဆရာမောင်သာချိုရဲ့ စာပေအနုပညာဟာ သာမန်စာဖတ်သူအတွက် သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင် မိမိကိုယ်ကိုယ် စဉ်းစားခိုင်းစေတဲ့စွမ်းအင် ပါရှိပါတယ်။ ဆရာရဲ့ စာပေအနုပညာက တိုင်းပြည်အတွက်လည်း တန်ဖိုးရှိစွာ အကျိုးပြုခဲ့ပါတယ်။ အခုထိလည်း အကျိုးပြုနေဆဲပါ။ နောင်လည်း အကျိုးပြုနေဦးတော့မှာပါ။ ဆရာမောင်သာချိုရဲ့ ရုပ်ခန္ဓာဟာ ဇူလိုင် မိုးရေစက်တွေနဲ့အတူ ကျနော်တို့ကို ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့ပေမဲ့လည်း တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ ထားတဲ့ ဆရာရဲ့ စိတ်အားထက်သန်မှုနဲ့ မေတ္တာ စေတနာလှိုင်းတွေဟာ ကျနော်တို့ရဲ့ရင်ကို နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်နေဦးတော့မှာပါ...။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024