
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ဗိုလ်ကြီးဆီကိုထမင်းသွားပို့ရင်း စစ်ကောင်စီတပ်သား ၁ ယောက်ထွက်ပြေးခဲ့သလို ကင်းတာဝန်ကျနေတဲ့တပ်သား ၁ ယောက်လည်း ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခန္တီကျေးရွာအုပ်စု၊ ကထောင်းနီကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ ယောက်ဟာ ဇူလိုင် ၉ ရက်နေ့ ည ၁၂ နာရီလောက်က ကင်းတာဝန်ကနေ လက်နက်ယူဆောင်ထွက်ပြေးသွားခဲ့ပါတယ်။
ဒီမတိုင်ခင် ဇွန်လနောက်ဆုံးပတ်ကလည်း စစ်ကောင်စီတပ်သား ၁ ယောက်ဟာ ဗိုလ်ကြီးဆီကို ထမင်းဘူးပို့မယ်ဆိုပြီး ဒေသခံပြည်သူတယောက်ဆီက ဆိုင်ကယ်ငှားယူထွက်ပြေးခဲ့တယ်လို့ ခန္တီကျေးရွာအုပ်စု ဒေသခံတယောက်က ပြောပါတယ်။
“ကထောင်းနီမှာက ဒေသခံတွေရှိနေကြတယ်။ လက်နက်ကိုင်ထားတဲ့သူတွေ ဆိုင်ကယ်လာငှားလည်း ပေးရတယ်။ တောင်းလည်းပေးရတယ်လေ။ အဲဒီစစ်သားက တပ်မှာ ထမင်းချက်တာလား ဘာလဲတော့မသိရဘူး။ ဗိုလ်ကြီးဆီ ထမင်းဘူးသွားပို့မလို့ဆိုပြီး ရွာကပြည်သူတဦးဆီမှာ ဆိုင်ကယ်ငှားသွားတာပါ။ ဆိုင်ကယ်လည်းပြန်မရတော့ဘူး။ လက်နက်မပါသွားတော့ တပ်က ဒီလောက်အာရုံမစိုက်ဘူး။ ခန္တီကထွက်ပြေးသွားတဲ့တယောက်က လက်နက်ပါသွားတယ်။ နောက်တနေ့ကျတော့ အလုပ်ရှုပ်နေကြတာပဲ”
ခန္တီကျေးရွာကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားမှာ လက်နက်ပါသွားတာကြောင့် စစ်ကောင်စီက လိုက်လံရှာဖွေနေတယ်လို့သိရပြီး ၂ ယောက်လုံးကို ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးသွားတဲ့အထဲက စစ်ကောင်စီတပ်သား ၁ ယောက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ရောက်သွားတယ်လို့ ဒေသခံတွေကပြောပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းနေပါတယ်။
ပုလောမြို့နယ်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းကို ဆက်သွယ်မေးမြန်းရာမှာ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ကျနော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးမသိရသေးဘူး။ ခန္တီကျေးရွာဘက်မှာတော့ ကျနော်တို့ လှုပ်ရှားတာမရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေဖြစ်လို့ပါ” လို့ ပြောပါတယ်။
ခန္တီကျေးရွာအုပ်စုဟာ စစ်ကောင်စီတပ်စွဲထားပြီး စစ်မှုထမ်းလူသစ်တွေကို ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းဆီကို ပို့ဆောင်ရာမှာ အဓိကအသုံးပြုနေတဲ့ လမ်းကြောင်းတခုလည်းဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဇွန် ၁၄ ရက်မနက်ပိုင်းကစပြီး ခန္တီကျေးရွာအုပ်စုကို စစ်ကောင်စီစစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့လို့ ကုလားမခေါင်း၊ တောင်ခေါင်းလောင်းနဲ့ ခန္တီကျေးရွာတို့က ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။