
မန္တလေး-ပြင်ဦးလွင် ရထားလမ်းနားမှာ မျက်နှာတခုတည်း ပုပ်ပွသေဆုံးနေတဲ့ အမည်မသိ အမျိုးသားရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ည ၇ နာရီခွဲက တွေ့ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သေဆုံးအမျိုးသားဟာ ခန့်မှန်းအသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး အင်္ကျီအနက်ရောင် တီရှပ်လက်တိုနဲ့ ခဲနက်ရောင် ဘောင်းဘီအတို ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “ရုပ်အလောင်းကို မန္တလေး-ပြင်ဦးလွင် ရထားသံလမ်းအနီး ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် ထိစပ်ရာနေရာဖြစ်တဲ့ ရေလောင်ရွာကိုသွားတဲ့ လမ်းအနီး တွေ့ရှိခဲ့တာလို့ သိရတယ်။ မျက်နှာပုပ်ပွပျက်စီးနေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာ လက်ရှိအချိန်ထိ မသိရှိသေးဘူး” လို့ ပြောပါတယ်။
အမည်မသိ သေဆုံးအမျိုးသားရဲ့ ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို သယ်ယူပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ မိသားစုတွေ သိရှိစေဖို့အတွက် အဝတ်အစားတွေကို ဖော်ပြထားပြီး အပြည့်အစုံ သိရှိလိုရင် မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ရုံးဆီ လာရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။