
အင်္ဂလန်တောင်ပံကစားသမား မာဒူအက်ကေကို လှောင်ပြောင်မှုတွေအပေါ် အာဆင်နယ်ပရိသတ်တွေကို ဖာဒီနန်က ဝေဖန်ပြစ်တင်သွားပါတယ်။
ချဲလ်ဆီး လူငယ်ကြယ်ပွင့်ဟာ အာဆင်နယ်ဆီ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားသူ ဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ အာဆင်နယ် ကစားသမား ဖြစ်လာတော့မှာပါ။
ဒါပေမဲ့ အာဆင်နယ် ပရိသတ်တချို့က မာဒူအက်ကေကို ကြိုဆိုမှုမရှိတဲ့အပြင် အာဆင်နယ်ကနေ အလိုမရှိကြောင်း အွန်လိုင်းကနေ လက်မှတ်ရေးထိုးပြီး ခေါ်ယူခြင်းမပြုဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။
ပြိုင်ဘက်အသင်းဆီကို ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေတဲ့ လူငယ်လေး တယောက်ကို အရှက်ရစရာဖြစ်အောင် အနိုင်ကျင့်နေကြတာက မနှစ်မြို့စရာကောင်းပြီး မိမိရဲ့ မိသားစုဝင်နဲ့ သူငယ်ချင်း မိတ်ဆွေတွေထဲက တယောက်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာနာ စိတ်ထားရှိသင့်ကြောင်း ဖာဒီနန်က ပြောပါတယ်။
ကစားသမားတယောက်အပေါ် မကြိုက်နှစ်သက်လို့ အာမပေးတာမျိုးကို နားလည်ပေးနိုင်ပေမဲ့ လက်မှတ်ထိုး တောင်းဆိုတဲ့အထိ အရှက်ခွဲခြင်းက ဘောင်ကျော်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒါတွေက အာဆင်နယ်ပရိသတ်တွေ အားလုံးရဲ့ ဆန္ဒမဟုတ်ဘဲ အစုအဖွဲ့သေးသေးလေးရဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်သာဖြစ်ကြောင်း ဖာဒီနန်က ဝေဖန်ပြစ်တင်သွားပါတယ်။