
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့တံတားနားမှာ ဇူလိုင် ၁၁ ရက် ညပိုင်းက ဦးခေါင်းကွဲဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကိုတွေ့ရှိရတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေဆီက သိရပါတယ်။
ည ၉ နာရီလောက်မှာ နန့်ကွေ့ကျေးရွာနဲ့ မော်ဖောင်းကျေးရွာကိုဆက်သွယ်ထားတဲ့ ဒေသအခေါ် နန်းကွေ့တံတားအောက်ဘက် ချောင်းဘေးကမ်းစပ်မှာ ဦးခေါင်းကို ထုရိုက်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်းကိုတွေ့ရှိတာလို့ ဆိုပါတယ်။
ကူညီပေးခဲ့သူတယောက်က “အလောင်းက အမျိုးသားအလောင်းပါ။ နန်းကွေ့တံတားအောက် ရေစပ်မှာတွေ့ခဲ့တာ။ လတ်တလောသေဆုံးထားတဲ့ပုံစံပါ။ ဦးခေါင်းထိပ်မှာ ၃ လက်မလောက်ရှိတဲ့ ကွဲအက်ဒဏ်ရာတခုကိုလည်းတွေ့ရပါတယ်” လို့ ပြောပါတယ်။
ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ သေဆုံးအလောင်းဟာ အသက် ၂၅ နှစ်လောက်အရွယ်ရှိပြီး သေဆုံးအမျိုးသား ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို သယ်ယူပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးအမျိုးသားဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ မိသားစုဝင်တွေကို ဆက်သွယ်နိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက စုံစမ်းနေတယ်လို့လည်း သိရပါတယ်။