Home
မြန်မာသတင်း
မီဒီယာရန်ပုံငွေ ထိန်းချုပ်ပေးသဖြင့် ထရမ့်ပ်ကို စစ်ခေါင်းဆောင် ကျေးဇူးတင်
DVB
·
July 11, 2025
Photo: Reuters

သတင်းမီဒီယာ ရန်ပုံငွေကို ထိန်းချုပ်ပေးတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

အမေရိကန်က မြန်မာနိုင်ငံက ပို့ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ ထရမ့်ပ်ဆီကို ဇူလိုင် ၁၀ ရက်က ပို့တဲ့စာမှာ စစ်ခေါင်းဆောင်က အဲဒီလို ထည့်သွင်း ပြောလိုက်တာပါ။

သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကြောင့် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခံခဲ့ရတယ်လို့လည်း ပါရှိပြီး အမေရိကန်က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာပြီးနောက် ပြီးခဲ့တဲ့ မတ်လက USAGM လို့ခေါ်တဲ့ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းအေဂျင်စီကို ရန်ပုံငွေအများစု လျှော့ချခဲ့ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် မြန်မာသတင်းတွေ ဖော်ပြနေတဲ့ VOA၊ RFA တို့လို သတင်းဌာနတွေ ရပ်ဆိုင်းသွားသလို လွတ်လပ်တဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ရန်ပုံငွေရရှိမှုလည်း အများစု ထိခိုက်နေတာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကလည်း အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်အထိ သူတို့ကိုဝေဖန်တဲ့ သတင်းမီဒီယာတွေကို ထုတ်ဝေခွင့်ပိတ်သိမ်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပိတ်သိမ်းတာတွေ ပြုလုပ်နေပါတယ်။

နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ရဲ့ ၂၀၂၅ ခုနှစ် အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က နိုင်ငံပေါင်း ၁၈၀ မှာ ၁၆၉ အဆင့်ဖြစ်နေပြီး ဆိုးရွားတဲ့ အနီရောင်အဆင့် သတ်မှတ်ခံထားရပါတယ်။ လက်ရှိအချိန်ထိ သတင်းသမား ၆၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ RSF စာရင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013