ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ် ၃ ခုမှာ ဇူလိုင် ၇ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်ရှိ သရက်တပင်၊ ကျောက်တလုံး၊ ညောင်ချောင်း၊ စပါးဆိပ်၊ မဟာမုနိ စတဲ့ကျေးရွာတွေနဲ့ မြောက်ဦးမြို့နယ် ကျောက်ကျပ်၊ စေတီတောင်၊ တောင်ဦး စတဲ့ကျေးရွာတွေမှာ ရေကြီးနေပြီး ဒေသခံတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားကြရတယ်လို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။
“ဇူလိုင်လ ၇ ရက်နေ့ကတည်းက ရေကြီးမှုဖြစ်နေတာ။ ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့အထိ ရေကမကျသေးဘူး။ အခုရေကြီးမှုဖြစ်နေကြတဲ့ ရွာအချို့က ဒေသခံအချို့ကိုတော့ မြေမြင့်ပိုင်းတွေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားကြရတယ်။ ဒီနေ့ ဝါဆိုလပြည့်နေ့မှာတောင် ဥပုသ် မသွားနိုင်ကြဘူး။ ကျေးရွာတွင်းတွေမှာ အကုန်လုံး ရေပြည့်နေတာ။”
ဒါ့အပြင် အခုရေကြီးမှုဖြစ်နေကြတဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာ ၁၀ ရွာထက် မနည်းမှာ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်တွေဟာလည်း ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရပြီး ပျက်စီးမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေမှာ အခု ၂၀၂၅ တနှစ်တည်းမှာတင် ရေကြီးမှုဖြစ်တာ ၃ ကြိမ်အထိ ရှိလာကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်က တောင်ဘဇာ၊ ဗဟိုပြင် ရွာသစ်၊ ရွာဟောင်း၊ သရဖီ စတဲ့ ကျေးရွာတချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ရေကြီးမှုတွေကြောင့် မြေနိမ့်ပိုင်းက ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းထားရမှုတွေလည်း ရှိတယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ်မှာလည်း မိုးကြီး ရေကြီးမှုတွေကြောင့် ကားလမ်းတချို့ နစ်မြုပ်မှုတွေ ဖြစ်နေပြီး ယာယီလမ်းပိတ်ထားရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင် ၃ ရက် ကတည်းက နေ့စဉ်ရက်ဆက် မိုးအဆက်မပြတ် ရွာသွန်းနေတာဖြစ်ပြီး မြို့နယ် ၃ ခုထက်မနည်းမှာ ရေကြီးမှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။