
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို မရပ်ရင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ နယ်မြေက မြေရှားအပါအဝင် သတ္တုတွင်းထွက်တွေကို မဝယ်တော့ဘူးဆိုပြီး တရုတ်က ရာဇသံပေးထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
KIA တာဝန်ရှိသူ အပါအဝင် ၃ ယောက်ကို ကိုးကားပြီးဖော်ပြတဲ့ အဲဒီသတင်းဆောင်းပါးအရ မေလတုန်းက KIA နဲ့ တရုတ်နိုင်ငံခြားရေးဌာနကပါတဲ့အဖွဲ့ တွေ့ဆုံရာမှာ အဲဒီလို ရာဇသံပေးခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာလည်း ဗန်းမော်တိုက်ပွဲရပ်ရင် KIA ထိန်းချုပ်တဲ့ ကချင်နယ်စပ်က ဧရိယာတွေမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ပိုကောင်းလာမယ်လို့ တရုတ်က မက်လုံးပေးခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
KIA ဟာ မြေရှားသတ္တုထွက်တဲ့ ကချင်ပြည်နယ်၊ ချီဖွေနဲ့ ပန်ဝါမြို့တွေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာက သိမ်းယူထားတာဖြစ်ပြီး စစ်ရေး၊ ကုန်သွယ်ရေး အချက်အချာကျတဲ့ ဗန်းမော်မြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး တိုက်ခိုက်နေတာပါ။
တရုတ်က ရာဇသံပေးထားတာ ၂ လကျော်ရှိပြီဖြစ်ပေမဲ့ အခုထိ ဗန်းမော်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်က မြို့ဧရိယာ အများစုကို သိမ်းပိုက် စိုးမိုးထားပါတယ်။
ကမ္ဘာ့မြေရှားဈေးကွက်ကို လွှမ်းမိုးထားတဲ့ တရုတ်ဟာ ကချင်ပြည်နယ်ကနေ မြေရှားသတ္တုကို အကြီးအကျယ် တင်သွင်းနေတာဖြစ်ပြီး ဒီနှစ် ၅ လတာကာလမှာ မက်ထရစ်တန် ၁၃,၀၀၀ နီးပါး တင်သွင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
တရုတ်က KIA ထိန်းချုပ်ဒေသကနေ သတ္တုမဝယ်တော့ဖို့ ရာဇသံပေးထားသလို တဖက်မှာလည်း တရုတ်နဲ့နီးစပ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်တဲ့ ဒေသတွေမှာ မြေရှားကို အလုံးအရင်းနဲ့ တူးဖော်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလထဲမှာ ထုတ်ပြန်ထားပါတယ်။
Photo: Reuters