Home
နိုင်ငံတကာ
တက္ကဆက်ရေကြီးမှု သေဆုံးသူ ၁၀၀ ကျော်ရှိလာ
DVB
·
July 8, 2025
Photo: Reuters

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော် ရှိလာခဲ့ပြီး ပျောက်ဆုံးနေသူ အမြောက်အမြား ရှိနေပါတယ်။

မိုးနဲ့ မိုးကြိုးမုန်တိုင်းတွေက ခြိမ်းခြောက်နေချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြီး ဖြစ်ပွားခဲ့တာ ၄ ရက် ကျော်လာပြီဖြစ်လို့  အသက်ရှင်ကျန်ရစ်သူတွေ ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက် နည်းပါးလာနေပါတယ်။

အမျိုးသားမိုးလေဝသဌာန (NWS) ကို ဘတ်ဂျက်ဖြတ်တောက်လို့ ဘေးအန္တရာယ်တုံ့ပြန်ရေးမှာ နှေးကွေးရတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အိမ်ဖြူတော်က ပယ်ချထားပါတယ်။

သေဆုံးသူတွေထဲက ၈၄ ယောက်ထက်မနည်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဂွါဒလုပေ မြစ်ရေလျှံမှုဒဏ် အဓိကခံစားခဲ့ရတဲ့ ကားကောင်တီက ဖြစ်ပါတယ်။

ခရစ်ယာန် မိန်းကလေးသီးသန့် နွေရာသီစခန်း Camp Mystic က မိန်းကလေး ၂၇ ယောက်နဲ့ ဝန်ထမ်းတွေ ပါဝင်ပါတယ်။ မိန်းကလေး ၁၀ ယောက်နဲ့ စခန်းသင်တန်းမှူးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မိုးကြီးတာကြောင့် ဂွါဒလုပေမြစ်ဟာ စမ်းချောင်းငယ်လေးကနေ အရှိန်အဟုန်ပြင်းပြီး ဖျက်ဆီးနိုင်စွမ်းအားကြီးတဲ့ အင်အားတရပ်အဖြစ် ၁၀ နာရီတောင်မကြာဘဲ ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

ရေစုန်အတိုင်း တစက္ကန့်ကို ရေ ကုဗပေ ၁၂၀,၀၀၀ လောက် စီးဆင်းလာခဲ့ပြီးတော့ နိုင်ရာဂရာ ရေတံခွန်တလွှား ပျမ်းမျှ ရေစီးအားထက်ကို ပိုများတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက သုံးသပ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013