Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းထဲရောက်သွားသည့် တရုတ်မော်ဒယ်လ်ကို ကယ်တင်
DVB
·
July 7, 2025

တရုတ်နိုင်ငံက လူသိများတဲ့ ဆယ်လီမော်ဒယ်လ်အမျိုးသားတယောက်ဟာ ထိုင်းမှာကြော်ငြာရိုက်ဖို့ အယုံသွင်းခံရပြီး မြန်မာဘက်ခြမ်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းထဲရောက်သွားတယ်လို့ PPTV ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံ ကွမ်ဂျိုးပြည်နယ်မှ Zhong Hao Bin  အမည်ရှိ အသက် ၂၃ နှစ်ရွယ် ဆယ်လီမော်ဒယ်လ် လူငယ်တယောက်ဟာ ထိုင်းနိုင်ငံမှာ မဂ္ဂဇင်းမျက်နှာဖုံးသရုပ်ဖော်ပုံ လာရိုက်ကူးပေးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရတယ်၊ ဒါကြောင့် သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ကွမ်ဂျိုးပြည်နယ်ကနေ ထိုင်းနိုင်ငံကို လေယာဉ်နဲ့ ထွက်ခွာလာတယ်။ အဲဒီနောက် ရက်အတန်ကြာ အဆက်အသွယ် ပြတ်သွားတယ်လို့ ညီမဖြစ်သူက ပီကင်းသတင်းဌာနကို ပြောပါတယ်။ 

ဇွန် ၁၃ ရက်နေ့မှာ အစ်ကိုဖြစ်သူ ပြန်ဆက်သွယ်လာတယ်။ သူဟာ ကျားဖြန့်ဂိုဏ်းရဲ့ လိမ်လည် တာခံရပြီး ထိုင်းနိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံမှာ ရောက်နေတယ်၊ ဘယ်မြို့ဘယ်နေရာဆိုတာတော့ မပြောတတ်ဘူးလို့ ပြောတယ်၊ ဒါကြောင့် မိသားစုတွေက ကွမ်ဂျိုးပြည်နယ် ရဲတပ်ဖွဲ့ နဲ့  ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တရုတ်သံရုံးကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၄ ရက်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ အဆိုပါမော်ဒယ်လူငယ်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် တရုတ်သံရုံး ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါ တယ်။  

အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ သံရုံးက အဆိုပါမော်ဒယ်လ်ရဲ့ အမည်ကို ရေးသားဖော်ပြခြင်းမရှိဘူး၊ တရုတ်နိုင်ငံသားတွေအနေနဲ့ ဝင်ငွေကောင်းမယ့်အလုပ်ရမယ်လို့ ပြောတိုင်းလည်း အလွယ်တကူ လက်ခံခြင်းမပြုဖို့ လူကုန်ကူးမှုတွေ သတိထားဖို့ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ 

ဒီနှစ်ဆန်းပိုင်းကလည်း Wang Xing  ဆိုသူ တရုတ်မော်ဒယ်သရုပ်ဆောင်မင်းသားဟာ ထိုင်းမှာ ရုပ်ရှင်လာရိုက်ဖို့ကမ်းလှမ်းခံရပြီး မြန်မာပြည်က ကျားဖြန့်ဂိုဏ်းတွေရဲ့  လက်တွင်း ကျရောက်ခဲ့တာကို ထိုင်းအာဏာပိုင်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့  ပူးပေါင်းပြီး ကယ်တင်ခဲ့ ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013