Home
မြန်မာသတင်း
သီပေါကို စစ်တပ်ဗုံးကြဲသဖြင့် ဆေးရုံနှင့် ရုံးပျက်စီး
DVB
·
July 5, 2025
Photo : ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်ကို ဇူလိုင် ၄ ရက်ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဆေးရုံအပါအဝင်အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဆေးရုံခွဲစိတ်ဆောင်ရယ်၊ စိုက်ပျိုးရေးရုံးဟောင်းရယ်မှာ ထိတာ။ ရုံးလုပ်ထားတဲ့ နေရာက သူတို့က ညဆို အဲဒီမှာမအိပ်လို့ အထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။

ဗုံးကျတဲ့ နှစ်နေရာစလုံးအနီးအနားက အိမ်တွေကတော့ မှန်ကွဲတာ မျက်နှာကျက်ပြိုကျတာတွေ ဖြစ်ခဲ့ပြီး အဲဒီဆေးရုံဟာ TNLA သိမ်းပြီးကတည်းက မဖွင့်ဘဲပိတ်ထားတာကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆေးရုံရင်ခွဲရုံနဲ့ ခွဲစိတ်ဆောင်ကြားမှာ ဗုံးတလုံး၊ နမ့်ပေါ့ချောင်းထိပ်က စိုက်ပျိုးရေးရုံးဟောင်းမှာ တလုံး ထိမှန်ပြီး ဇူလိုင် ၄ ရက် ည ၁၀ နာရီ ၅ မိနစ်နဲ့ ၁၀ နာရီ ၉ မိနစ်မှာ ကြဲသွားခဲ့တာလို့ သိရပါတယ်။

ဒေသခံနောက်တယောက်က “လက်ရှိတော့ လူ အထိအခိုက် ဘာမှမကြားရသေးဘူးဗျ။ ဒေသခံတွေက လေကြောင်းတော့ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

တံတားဦးလေတပ်ကနေတက်လာတဲ့ Yak-130 ဂျက်ဖိုက်တာ တစင်းဟာ သီပေါကို ဇူလိုင် ၄ ရက်နေ့ည ၁၀ နာရီ ၅ မိနစ်နဲ့ ၉ မိနစ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီ ၂၈ မိနစ်လောက်မှာ တံတားဦးလေတပ်ကို ပြန်လည်ဆင်းသက်ခဲ့တယ်လို့ လေကြောင်းအန္တ‌ရာယ် စောင့်ကြည့်နေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ် အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်လို့ သတင်းထုတ်ထားပါတယ်။

လုံခြုံတဲ့နေရာက မြို့ပြင်ပဲရှိတာကြောင့် မြို့ပြင်ထွက်နေရင်လည်း လုပ်စရာ အလုပ်ကမရှိ၊ စီးပွားရေးက အဆင်မပြေနဲ့ ဒုက္ခရောက်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄၊ ၂၇ နဲ့ ၂၉ ရက်ကလည်း TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့မှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ၃ ရက်အတွင်း ဒေသခံ ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ယောက် သေဆုံးခဲ့ပါတယ်။

သီပေါမြို့ကို ပြီးခဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ TNLA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013