Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ငါးထုတ်လုပ်မှု ထက်ဝက်ကျဆင်း၊ ငါး ပုစွန် စားသုံးမှု လျော့ကျ
DVB
·
July 3, 2025

စစ်ကိုင်းတိုင်းမှာ ငါးထုတ်လုပ်မှု ထက်ဝက်ကျဆင်းသွားပြီး ငါးဈေးတွေ မြင့်တက်လာသလို ငါး၊ ပုစွန် စားသုံးနိုင်တဲ့ အခြေအနေလည်း ကျဆင်းလာတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ငါးမွေးမြူရေးဧက ၁၀,၀၀၀ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ဒေသတွင်း ငါးထုတ်လုပ်မှု ထက်ဝက်လျော့ကျသွားတယ်လို့ ငါးမွေးမြူရေး လုပ်ကိုင်သူများအသင်းအဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“စစ်ကိုင်းထုတ်လုပ်မှုက အရင်ထက်ဆိုရင်တော့ ထက်ဝက်နီးပါးတော့ ကျတယ်။ ငါးကန်အားလုံး ဧက ၁၀,၀၀၀ လောက်ပေါ့။ တဧက ပိဿာ ပျမ်းမျှ အရင်တုန်းကတော့ ၂,၀၀၀ လောက် ထွက်တာပေါ့။ ၂,၀၀၀ လောက်ဆိုတော့ သိန်း ၂၀၀ ပိဿာ။ အခုတော့ တဝက်လောက်တော့ ကျသွားတာပေါ့။ ကျနော်တို့က ငါးတန်၊ ငါးမုတ်၊ ငါးတန်ချည်း သီးသန့်တော့ မမွေးဘူး။ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ် မွေးတယ်။ မွေးပြီးတော့ ၈ လလောက် မွေးပြီးတော့ ကျနော်တို့ဘက်ကျတော့ ၆၀ သား၊ ၇၀ သား အဲလောက်ဆိုရင် ဖမ်းကြတာ။ ၈ လ၊ ၉ လ။”

စစ်ကိုင်းတိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းတွေဟာ ရွှေဘိုမြို့နယ်မှာ အများဆုံးရှိပြီး ဝက်လက်နဲ့ ရေဦးမြို့နယ်တွေကလည်း ဒေသတွင်း ငါးအများဆုံးမွေးတဲ့ ဒေသတွေပဲ ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းတွေအပြင် မုံရွာမြို့ရဲ့ အထက်ဘက် ကသာ၊ ထီးချိုင့်၊ ကောလင်း၊ အင်းတော် စတဲ့ဒေသတွေမှာ မိရိုးဖလာ အင်းလုပ်ငန်းတွေ ရှိနေပြီး အဲဒီလုပ်ငန်းတွေကလည်း ဒေသတွင်း ငါးဖူလုံဖို့ အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းရဲ့ ဒေသတွင်း ငါးထုတ်လုပ်မှု ကျဆင်းလာတဲ့အခါ ရန်ကုန်မြို့ကနေ ငါး မှာယူရာမှာလည်း အရင်ကထက် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာတဲ့အတွက် ငါးဈေးတွေ မြင့်လာသလို ဒေသတွင်းပြည်သူတွေ ငါး၊ ပုစွန်စားသုံးနိုင်မှု အခြေအနေလည်း ကျဆင်းလာတယ်လို့ ငါး၊ ပုစွန် ရောင်းဝယ်သူတယောက်က ပြောပါတယ်။

“ငါးကတော့ ရတယ်။ ဈေးတွေ မြင့်သွားတာ။ ကျနော်တို့နယ်ကကျတော့ ခုနပြောသလို နည်းနည်းများတော့၊ ဈေးမြင့်တာ မစားနိုင်ကြဘူး။ အရင်တုန်းကလို ပုစွန်တွေ ဘာတွေ အကြီးကြီးတွေ မစားနိုင်တော့ဘူး။ ထိုက်သင့်တဲ့ ပုစွန်လေးတွေပဲလောက်ပဲ။ ဒေသတွင်း ထုတ်လုပ်မှုကတော့ အဲဒါလည်း ကျတာပေါ့။ လုပ်လို့ရတဲ့နေရာလည်း နည်းသွားတယ်။ မအေးချမ်းတာပေါ့။ မုံရွာဒေသကျတော့ အင်းတွေက များတယ်။ အင်းတွေမှာက ဥပဒေစိုးမိုးမှုက နည်းတယ်။”

အရင်က စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ငါးထုတ်လုပ်မှုဟာ မြောက်ဘက် ကချင်ပြည်နယ်အထိ တင်ပို့နိုင်ခဲ့တဲ့အပြင် ငါးသားဖောက်လုပ်ငန်းကလည်း အောင်မြင်ခဲ့တဲ့အတွက် ငါးကြင်းသားပေါက်တွေကို ရန်ကုန်မြို့အထိ တင်ပို့နိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ ငါးသားဖောက်တဲ့ လုပ်ငန်းအပြင် ဒေသတွင်း ငါးမွေးမြူထုတ်လုပ်နိုင်မှု ကျဆင်းလာပြီး ဒေသတွင်းရှိ ပြည်သူတွေ ငါး၊ ပုစွန် စားသုံးနိုင်တဲ့ အခြေအနေလည်း ကျဆင်းလာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024