Home
မြန်မာသတင်း
စစ်ကောင်စီစစ်ကြောင်း မွှာလ်ပီးရွာထဲနေရာယူထားသဖြင့် သက်ကြီးရွယ်အိုအချို့ပိတ်မိ
DVB
·
May 29, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကနေ ချင်းတောင်ကိုတက်လာတဲ့စစ်ကြောင်းဟာ မေ ၂၈ ရက်ညပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မွှာလ်ပီးရွာထဲမှာပဲ နေရာယူထားတာကြောင့် သက်ကြီးရွယ်အိုအချို့ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၂၁ ရက်က စတင်စစ်ကြောင်းထိုးတာခဲ့တာဖြစ်ပြီး အခုနေရာယူထားတဲ့ မွှာလ်ပီးရွာဟာ ကလေးမြို့နဲ့ ၁၀ မိုင်လောက်အကွာ ကလေးသိုင်းငင်းလမ်းပေါ်မှာတည်ရှိပါတယ်။

“စကစ က မွှာလ်ပီးအထက်ကိုမတက်တော့ဘူး။ သူတို့ အဲမှာပဲနေရာယူကြတာ။ ရွာထဲမှာပေါ့နော်။ ကျနော်တို့ကြားရသလောက်တော့ ရွာထဲက အိမ်တွေဖောက်တယ်၊ ဆိုင်တွေဖောက်တယ်။ ပြီးတော့ အိမ်မွေးတိရိစ္ဆာန်တွေပေါ့နော်၊ ဝက်တွေ၊ ကြက်တွေ အဲ့တာတွေကို သူတို့ကြိုက်သလိုပေါ့နော်” လို့ ရွာခံတယောက်က DVB ကိုပြောပါတယ်။

ဒီနေ့ မေ ၂၉ ရက်အထိဆို စစ်ကြောင်းထိုးလာတာ ၉ ရက်အထိကြာမြင့်လာပြီး အနည်းဆုံး  ရွာ ၄ ရွာမှာနေထိုင်ကြတဲ့ ပြည်သူ ၁,၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

စစ်တပ်က ကလေးမြို့ဘက်ကနေ တက်လာတာဖြစ်လို့ ဒေသခံတွေ မြေပြန့်ဘက်ကို ဆင်းမရဘဲ မိုးတွေ ဆက်တိုက်ရွာနေတဲ့ကြားကပဲ နီးစပ်ရာ တခြားရွာတွေဆီ ထွက်ပြေးနေရတာပါ။

ရုတ်တရက် ထွက်ပြေးရတာဖြစ်လို့ ရိက္ခာနဲ့အရေးကြီးပစ္စည်းတွေ ယူမလာနိုင်ခဲ့ဘဲ စားရေးအတွက် အခက်အခဲဖြစ်နေသလို နေထိုင်မကောင်းသူတွေလည်း ရှိနေတဲ့အပြင် ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတချို့လည်း မွှာလ်ပီးရွာဝန်းကျင်က ယာခင်းတချို့မှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

ရွာခံ အမျိုးသားတယောက်က  “သူတို့ကပြောရမယ်ဆို အသက်လည်းကြီးတယ်။ သူတို့ကိုခေါ်သွားဖို့ ဆွေမျိုးတွေလည်း မရှိဘူးလေနော်။ ပြီးတော့ သူတို့က တောင်ယာတဲထဲကို သွားပြီး ပုန်းတယ်၊ ရှောင်တယ်။ အခုက ရက်ကရှည်လာတော့ ကြာလာတော့ သူတို့က စားစရာတွေက ကုန်သလောက်ဖြစ်နေပြီထင်တယ် အခုဆိုရင်လေ” လို့ ပြောပါတယ်။

ပိတ်မိပြီး ကျန်ရစ်သူတွေထဲမှာ အသက် ၇၀ ကျော်အရွယ် အမျိုးသမီး ၂ ယောက်၊ အကြားအာရုံမကောင်းသူ ၁ ယောက်၊ လမ်းမလျှောက်နိုင်သူ ၁ ယောက်အပါအဝင် ၁၀ ယောက်လောက်ရှိနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

ဒါကြောင့် သူတို့ကို အရေးတကြီးကယ်တင်ဖို့ လိုအပ်နေပြီး စစ်ကောင်စီတပ်တွေက ရွာထဲမှာ တပ်စွဲထားတာကြောင့် မေ ၂၈ ရက်နေ့အထိ ဘယ်လိုကယ်တင်ရမယ်ဆိုတာ မသိရသေးကြောင်း ပြောပါတယ်။

စစ်ရေးလေ့လာသူတွေကတော့ စစ်တပ်ဟာ တီးတိန်ကို စစ်ကူပို့ဖို့နဲ့ ဖလမ်းကို ပြန်သိမ်းနိုင်ဖို့အတွက် သိုင်းငင်းလမ်းဆုံကို ထိန်းချုပ်ချင်တဲ့သဘော ရှိတယ်လို့ သုံးသပ်ပြောပါတယ်။

ကလေးမြို့ကနေ သိုင်းငင်းရွာလမ်းဆုံအထိဆိုရင် ၂၅ မိုင်ဝန်းကျင်ကွာဝေးပြီး သိုင်းငင်းလမ်းဆုံကနေ တီးတိန်မြို့ကို ဆိုရင် နောက်ထပ် ၂၆ မိုင်သွားရမှာဖြစ်ပြီး၊ ဖလမ်းကိုဆိုရင် မိုင် ၅၀ နီးပါး ကွာဝေးပါတယ်။

တီးတိန်မြို့ကလွဲပြီး နေရာအများစုကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ကလေးမြို့ဘက်ကပစ်တဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် လူထိခိုက်တဲ့ သတင်းမကြားရပေမဲ့ အဆောက်အအုံတွေ ပျက်စီးတာ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013