Home
နိုင်ငံတကာ
အမေရိကန် လက်နက်အထောက်ပံ့ ဖြတ်တောက်မှု ယူကရိန်း စိုးရိမ်
DVB
·
July 3, 2025
Photo: Jens Buttner/Reuters

အမေရိကန် လက်နက်ပေးပို့မှုအချို့ ဖြတ်တောက်လိုက်တာဟာ ရန်လိုကျူးကျော်သူ ရုရှားဘက်က ငြိမ်းချမ်းရေးကို ရှာဖွေမယ့်အစား စစ်ပွဲနဲ့ အကြမ်းဖက်မှု ဆက်လက်လုပ်ဆောင်ဖို့ လှုံ့ဆော်သလို ဖြစ်လိမ့်မယ်လို့ ယူကရိန်းက သတိပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ တခြားနိုင်ငံတွေအပေါ် စစ်ရေးထောက်ပံ့မှုနဲ့ အကူအညီကို ပြန်လည်သုံးသပ်အပြီးမှာ အမေရိကအကျိုး ပထမအခြေခံနဲ့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး အန်နာကယ်လီက ပြောပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က ဒီလို ရပ်တန့်ခဲ့တာဟာ အမေရိကန်ရဲ့ စစ်လက်နက်စုဆောင်းထားရှိမှု အရမ်းနည်းလာမှာကို စိုးရိမ်လို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နှစ်နိုင်ငံအကြား ထောက်ပံ့မှု အသေးစိတ် အချက်အလက်တွေကို ရှင်းလင်းအောင် လုပ်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောထားပါတယ်။

လက်နက်ပေးပို့မှု ရပ်ဆိုင်းတာ၊ ပြင်ဆင်တာနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က တရားဝင် အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး သတင်းအချက်အလက် မပြည့်စုံဘဲနဲ့ ခန့်မှန်းပြောဆိုတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ ယူကရိန်းဟာ ရုရှားရဲ့ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယူကရိန်းမြို့ကြီးတွေကို ရုရှားက ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည် ၅၀၀ ကျော် သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပကလည်း ယူကရိန်းအတွက် ပံ့ပိုးနေပေမဲ့ အမေရိကန်ရဲ့ လက်နက်ထောက်ပံ့မှုမရှိဘဲ ရုရှားကိုရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးအတွက် ထရမ့်ပ်နဲ့ ဇလန်းစကီးတို့ ဆွေးနွေးခဲ့ပြီး တပတ်မပြည့်မီမှာပဲ အခုဆုံးဖြတ်ချက် ထွက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက အမေရိကန်နဲ့ ယူကရိန်းဟာ စစ်ရေးအကူအညီနဲ့ ယူကရိန်း တွင်းထွက်သယံဇာတ တူးဖော်ခွင့် ဖလှယ်တဲ့ သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးထားခဲ့ပါတယ်။

တဖက်မှာလည်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နှစ်နာရီကျော်ကြာ ဖုန်းပြောခဲ့ပါတယ်။

မက်ခရွန်က ယူကရိန်းမှာ အပစ်ရပ်ဖို့ တိုက်တွန်းခဲ့ပြီး ပူတင်ကတော့ “အနောက်ကမ္ဘာရဲ့ မူဝါဒကြောင့် ဒီစစ်ဖြစ်ရတာ” လို့ တုံ့ပြန်ခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013