Home
နိုင်ငံတကာ
တိဘက်ခေါင်းဆောင်အဖြစ် ပြန်ဝင်စားမည်ဟု ဒလိုင်းလားမား မိန့်ကြား
DVB
·
July 3, 2025
Photo: Reuters

တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင်သစ်အဖြစ် ပြန်ဝင်စားမှာဖြစ်တယ်လို့ ဒလိုင်းလားမားက ဇူလိုင် ၂ ရက်မှာ မိန့်ကြားလိုက်ပါတယ်။

ဂေါပကအဖွဲ့က ပြန်လည်ဝင်စားသူကို လိုက်လံရှာဖွေပြီး ဆက်ခံစေမှာဖြစ်ကြောင်း မိန့် ကြားလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားဟာ တရုတ်ကွန်မြူနစ်အစိုးရကို ထပ်မံစိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

ဇူလိုင် ၆ ရက်မှာ  ဒလိုင်းလားမား သက်တော် ၉၀ ပြည့်မယ့်အချိန်မှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသ မြို့ကလေး ဓမ္မသာလာမှာ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေပါတယ်။

တိဘက်ကနေ နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ဘာသာရေးခေါင်းဆောင် ပျံလွန်တော်မူတဲ့အခါ ရာစုနှစ်နဲ့ချီတဲ့ ဒလိုင်းလားမား အစဉ်ပြတ်မှာကို စိုးရိမ်နေကြချိန်မှာ ခုလို မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်အစိုးရက ဒလိုင်းလားမားနေရာ ဆက်ခံသူကို ရွေးချယ်လာမှာကို တန်ပြန်တဲ့အနေနဲ့ ဒလိုင်းလားမားက သူပြန်ဝင်စားသူကို စိစစ်ဖို့ လုပ်ပိုင်ခွင့်ရှိတဲ့ ဂေါပကအဖွဲ့တဖွဲ့ ထူထောင်ထားကြောင်း အတည်ပြုပါတယ်။

ပေကျင်းအစိုးရကတော့ ပြန်ဝင်စားတာကို သူတို့ဘက်က အတည်ပြုမှ ရမှာဖြစ်ပြီး ရာစုနှစ်နဲ့ချီတဲ့ အစဉ်အလာအရ တရုတ်ပြည်ထဲမှာပဲ ဖြစ်ရမယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်ခံမှုမှာ ဝင်မစွက်ဖို့၊ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက တရုတ်အစိုးရကို တိုက်တွန်းပါတယ်။

၁၉၅၉ ကတည်းက တိဘက်ကနေ အိန္ဒိယကို တိမ်းရှောင်နေခဲ့ရတဲ့ ဒလိုင်းလားမားကို ခွဲထွက်ရေးသမားအဖြစ် တရုတ်အစိုးရက ရှုမြင်ထားပါတယ်။

သူ့ကို ဆက်ခံမယ့်သူဟာ တရုတ်ပြည်ပြင်ပမှာလည်း မွေးဖွားနိုင်တယ်လို့ ဒလိုင်းလားမားက မိန့်ကြားထားပြီး တရုတ်အစိုးရက ရွေးချယ်တဲ့သူကို လက်မခံဘဲ ငြင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရှေ့နှစ်တွေတုန်းကတော့ ပြန်ဝင်စားတဲ့ ဆက်ခံသူ ရှိချင်မှ ရှိတော့မယ်လို့ ပြောခဲ့ဖူးပေမဲ့ အခုအခါမှာတော့ ပြန်ဝင်စားတဲ့ အစီအစဉ်ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

“ဒလိုင်းလားမား အဖွဲ့အစည်းဆိုတာ ဆက်ရှိမယ်လို့ အတည်ပြုပါတယ်” လို့ ဒလိုင်းလားမားက ဗီဒီယိုမက်ဆေ့ချ် ပေးပို့ခဲ့ပြီး တိဘက်ဘုန်းတော်ကြီး ၁၀၀ ကျော်က ကောင်းချီးပေးခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013