Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်ကလေး ၃,၀၀၀ ကျော် ပညာသင်နိုင်ရန် ကျောင်းဆောင်များ လိုအပ် 
DVB
·
July 2, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၅ ခုက စစ်ရှောင်ကလေး ၃,၀၀၀ ကျော် ကျောင်းတက် ပညာသင်ကြားနိုင်ဖို့ ကျောင်းဆောင်တွေ ဆောက်လုပ်နိုင်ဖို့ အကူအညီတွေ လိုနေတယ်လို့ တန်းခိုးဆရာထွန်း အခမဲ့ ပညာရေးစင်တာဆီက သိရပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၅ ခုမှာရှိတဲ့ စစ်ရှောင်ကလေး ၃,၀၀၀ ကျော် ကျောင်းနေ ပညာသင်ကြားနိုင်ဖို့ ကျောင်းဆောင်တွေ ဆောက်လုပ်နိုင်ဖို့၊ ပညာရေးသင်ထောက်ကူပစ္စည်းတွေ ပေးနိုင်ဖို့နဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးနိုင်ဖို့ အကူအညီတွေလိုနေတာ ဖြစ်ပါတယ်။

AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ အမ်းနဲ့ ကျောက်တော်မြို့နယ်တွေမှာ တန်းခိုးဆရာထွန်း - အခမဲ့ ပညာရေးစင်တာက ကျောင်းပေါင်း ၁၈ ကျောင်းအထိ ဇူလိုင် ၃ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပေမဲ့  ကျောင်း ၁၅ ကျောင်းလောက် ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တန်းခိုးဆရာထွန်း - အခမဲ့ ပညာရေးစင်တာ ပြန်ကြားရေးဌာနက တာဝန်ရှိသူက “မြို့နယ် ၅ ခုက ကျောင်းတွေအတွက် တကျောင်းကို ဆရာ၊ ဆရာမ အယောက် ၂၀ နဲ့ မြို့နယ် ၅ ခုအတွက် အယောက် ၃၂၀ ဝန်းကျင် ရှိနေတာ၊ Kg ကနေ G-8 အထိ သင်ကြားပေးဖို့ ရည်ရွယ်ထားကာ ဆရာ၊ ဆရာမတယောက်ကို တလစာ ငွေကျပ် ၁၅၀,၀၀၀ စီ ထောက်ပံ့ပေးနိုင်ဖို့လည်း စီစဉ်ထားတယ်” လို့ ပြောပါတယ်။ 

ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ အာရက္ခအမျိုးသားပညာရေးဌာနက သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှာဖြစ်ပြီး စစ်ရှောင်ကျောင်းသားတွေဟာ ၂ နှစ်ဝန်းကျင်ကြာ ပညာမသင်ကြားနိုင်တဲ့အတွက် ကျောင်းတွေဖွင့်ဖို့ စီစဉ်ရတာလို့ ဆိုပါတယ်။

မြို့နယ် ၉ ခုမှာ ကျောင်းတွေဖွင့်ဖို့ စီစဉ်ထားပေမဲ့ ငွေကြေးအခက်အခဲကြောင့် မြို့နယ် ၅ ခုမှာသာ သင်ကြားနိုင်ဦးမှာဖြစ်ပြီး လက်ရှိမှာလည်း ကျောင်းဆောင်မရှိသေးတဲ့အတွက် နေအိမ်တွေမှာ စာသင်ကြားပေးဖို့ စီစဉ်နေရပါတယ်။

ရခိုင် မြို့နယ် ၅ ခုက စစ်ရှောင်ကလေးငယ်တွေဟာ ULA/AA က ဖွင့်လှစ်ပေးထားတဲ့ ကျောင်းတွေကို တက်ရောက်ဖို့ သွားလာရေးအခက်အခဲတွေရှိတာကြောင့် တန်းခိုးဆရာထွန်း - အခမဲ့ပညာရေးစင်တာက စစ်ရှောင်စခန်းတွေမှာ ပထမဆုံးအနေနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013