Home
မြန်မာသတင်း
ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်ခြင်းမပြုရန် ထိုင်းရောက်မြန်မာများကို  NUG တိုက်တွန်း 
DVB
·
July 2, 2025

ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်  မြန်မာနိုင်ငံသားတွေအနေနဲ့  ထိုင်းနိုင်ငံသားတွေ စုဝေး ဆန္ဒပြတဲ့ နေရာတွေကို ရှောင်ရှားကြရဖို့နဲ့ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း မပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက   တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး ဝန်ကြီးချုပ် ဖဲထောင်းထန်းကို ရာထူးဆိုင်းငံ့ထားဖို့ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ထားလို့ နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေတာပါ။ 

ဒီအခြေအနေမှာ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့  သတိနဲ့နေကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက  ဇူလိုင် ၂ ရက် ဒီနေ့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်နိုင်ငံမှာ စစ်အုပ်စုက ပြည်သူတွေအပေါ် ဖိနှိပ်ရက်စက်တာတွေကြောင့် ထွက်ပြေးခိုလှုံလာရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူတွေ မဟုတ်ကြဘဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးရင် အမိမြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ကြမယ့်သူတွေ ဖြစ်တယ်လို့ NUG အစိုးရကဆိုပါတယ်။

NUG အစိုးရအနေနဲ့လည်း လက်ရှိ ယာယီခိုလှုံနေရတဲ့ကာလအတွင်း မြန်မာနိုင်ငံသားတွေဟာ ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစား လိုက်နာပြီး သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးကို ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ အသိပေးရင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားပြီး ဆက်လက် ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပန်ကြားထားပါတယ်။

လက်ရှိမှာတော့ မဲဆောက်မှာ မြန်မာတွေကို နေ့တိုင်းလိုလို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတယ်လို့ မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာတွေဟာ စားဝတ်နေရေးအတွက် အလုပ်တွေလုပ်ကြရပြီး လုပ်အားခသက်သာတာကြောင့် ထိုင်းလူမျိုးတွေအလုပ်ရှားလာတာကလည်း မြန်မာတွေအပေါ် ထိုင်းတွေကအမြင်မကြည်တာဖြစ်နိုင်တယ်လို့ မဲဆောက်ရောက် မြန်မာတယောက်က ပြောပါတယ်။

“မြန်မာအလုပ်သမားတွေက သူများအလုပ်သမားတွေထက် ပိုပြီးတော့ သက်သာတယ်။ တာ့ခ်ခရိုင်မှာဆိုရင် တရက်ကို နေ့စားလစာ ၃၀၀ လောက်ဆိုရင် မြန်မာတွေဆို ၂၀၀ နဲ့လည်းရတယ်၊ ၂၅၀ နဲ့လည်းရတယ်။ ဆိုတော့ ထိုင်းတွေက ပိုပြီးတော့ အလုပ်ရှားလာတယ်။  မြန်မာတွေရှိတဲ့နေရာမှာ ညစ်ပတ်တာ၊ သောင်းကျန်းတာ၊ ဆူညံတာ စသဖြင့် ဒီလိုဟာတွေရှိတယ်။”

မြန်မာပြည်သားတွေအနေနဲ့လည်း မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရတာဖြစ်လို့ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်နေတဲ့နိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းတို့နဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။

ပြီးတော့ ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုတို့ကိုလည်း ထိုင်းနိုင်ငံထဲကို အကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက အထူးကျေးဇူးတင်တယ်လို့လည်း NUG ထုတ်ပြန်ဖော်ပြ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013