Home
မြန်မာသတင်း
တနင်္သာရီ-မောတောင်လမ်းတွင် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွား
DVB
·
July 1, 2025

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီ-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းမှာ စစ်ကောင်စီက ထိုးစစ်ဆင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းကို ဇွန် ၁ ရက်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ နှစ်ဖက်စလုံးက ဖြတ်သန်းသွားလာခွင့်ပေးခဲ့ပေမဲ့ ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်တာတွေ၊ ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က တနင်္သာရီ-မောတောင်လမ်းပေါ်က သိန်ခွန်းရွာအနီးနားဝန်းကျင်ကို မြေပြင်ပြောက်ကျားတိုက်ခိုက်တာအပြင် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဇွန်လအတွင်း နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “လမ်းကြောင်းတွေက ဇွန်လ ၁ ရက်နေ့ပေါ့နော်။ သူတို့ဘက်ကလည်း ဖွင့်တယ်။ ကျနော်တို့ဘက်ကလည်း ဖွင့်ထားပေးတယ်။ နှစ်ဦးနှစ်ဖက်စလုံး ဖွင့်ထားပေးတယ်။ ဇွန်လ ပထမပတ်အတွင်းမှာပဲ သူတို့ဘက်ကနေပြီး စစ်ရေးဖော်ဆောင်တာတွေ တိုက်ခိုက်တာတွေလုပ်လာတယ်။ သူတို့ဘက်က စလုပ်ရှားလာတော့ ကျနော်တို့ဘက်က လက်တုံ့ပြန်တဲ့ အနေအထားရှိတယ်လေ” လို့ ပြောပါတယ်။

တနင်္သာရီ-မောတောင်လမ်းပေါ်က ချောင်းနှစ်ပေါက်ရွာ၊ သိန်ခွန်းရွာနဲ့ ကွမ်းသီးတောရွာတွေ အပါအဝင် ကျေးရွာတွေက ဒေသခံ ၃၀၀၀ နီးပါးဟာ ရွာလုံးကျွတ်တိမ်းရှောင်နေရပြီး ၆ လကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

တနင်္သာရီ-မောတောင်လမ်းမကြီးတလျှောက်မှာရှိတဲ့ ရေဖြူကျေးရွာကနေ သဲဖြူကျေးရွာအထိနဲ့ သဲဖြူကျေးရွာကနေ မောတောင်နယ်စပ်အထိ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ မပြုကြဖို့ BLACK COBRA COLUMN အဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ သတိပေးထားပါတယ်။

KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးက “စစ်ကောင်စီဘက်က ထိုးစစ်ပြန်ဆင်တဲ့ အနေအထားမှာ ကျနော်တို့ဘက်က သုံးယောက်ဒဏ်ရာရတာရှိတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုတွေလည်း ရှိတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ အတိအကျတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ သိန်ခွန်းအထက်ဘက် မျက်နှာစာမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာလည်းပဲ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးတာကတော့ စကစဘက်က နေ့တိုင်းနီးနီးရှိနေတာပါ”လို့ ပြောပါတယ်။

မောတောင်မြို့က မောတောင်နယ်စပ်ဂိတ်နဲ့ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင် ဒန်းဆင်းခွန်ကျေးရွာက ဆင်းခွန်နယ်စပ်ဂိတ်ဟာ နှစ်နိုင်ငံကုန်သွယ်ရေး နယ်စပ်ဂိတ်တွေဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ပထမပတ်ကတည်းက ဂိတ်တွေကို ပိတ်ထားတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ခလရ ၁၇၊ ခမရ ၂၈၀၊ ခမရ ၂၈၅ နဲ့ ခလရ ၁၀၁ တပ်ရင်းတွေ အဓိကရှိနေပြီး အဲဒီတပ်တွေမှာ လူအင်အားမပြည့်တဲ့အတွက် စစ်ကောင်စီရဲ့ အခြားတပ်ရင်းတွေက တပ်သားတွေလည်း အင်အားဖြည့်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013