
ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းမှာ ဒုစရိုက်မှုတွေ များလာတဲ့အတွက် ကျူးကျော်နေထိုင်နေသူတွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့က လာရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကန်တော်ကြီး မျှော်စင်ကျွန်းဘက်ရှိ ချစ်သူကျွန်းနားမှာ ကျူးကျော်တဲတွေနဲ့ နေထိုင်နေတာကို ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက်ပိုင်း သွားရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးကျော်တွေ ပန်းကန်လုံးကျွန်းမှာ အခုလို ရောက်လာပြီးတဲ့နောက် ကန်တော်ကြီးတဝိုက်မှာ ရာဇဝတ်မှုတွေ ထူပြောလာပြီး အလောင်းရေထဲ ပစ်ချတာတွေ ရှိလာတယ်လို့ ကန်တော်ကြီးဥယျာဉ်အတွင်း အလုပ်လုပ်နေသူတယောက်က ပြောပါတယ်။
အဲဒီမှာ ပိုက်ချတဲ့သူတွေ အများဆုံးနေကြပြီး အခုလို လာရှင်းလည်း ခဏပဲဖြစ်ပြီးတော့ ပြန်ရောက်လာကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျူးတွေကို မင်္ဂလာတောင်ညွန့်ရဲစခန်းက ဇွန် ၂၈ ရက်မှာ လာရောက်ရှင်းလင်းသွားတာ ဖြစ်ပါတယ်။
ညနေမှောင်ရီပျိုးစအချိန်ကစပြီး ကန်တော်ကြီးပတ်လမ်းတလျှောက်ဟာ လုယက်မှုတွေ များလာတာကြောင့် သွားလာဖို့ မသင့်ဘူးလို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကန်တော်ကြီးရေပြင်၊ ဗိုလ်ချုပ်ပန်းခြံ၊ နဂါးကျွန်းအနားမှာ အသက် ၂၀ ကျော် အရွယ် အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့သလို ပန်းကန်လုံးကျွန်းမှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။