Home
နိုင်ငံတကာ
ရုရှားက ယူကရိန်းကို အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
DVB
·
June 30, 2025
Photo: REUTERS/Gleb Garanich

ရုရှားတပ်တွေဟာ ယူကရိန်းကို ချိန်ရွယ်ပြီး ဝေဟင်ကနေ လက်နက်ကြီး ၅၀၀ ကျော်နဲ့ ညလုံးပေါက် ပစ်ခတ်ခဲ့တယ်လို့ ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယူကရိန်းစစ်ပွဲ စတင်ချိန်ကစပြီး ယူကရိန်းနိုင်ငံအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့လည်း ယူကရိန်းအစိုးရက ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက “တညလုံးနီးပါး ယူကရိန်းနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထွက်ပေါ်ခဲ့တာပါ။ မောင်းသူမဲ့လေယာဉ် ၄၇၇ စင်းက ကျနော်တို့ရဲ့ ကောင်းကင်ယံမှာ ရှိပြီး အများစုက ရုရှား-အီရန် ရှာဟိဒ် ဒုံးကျည်တွေပါ။ အမျိုးအစား အမျိုးမျိုးရှိတဲ့ ဒုံးကျည် ၆၀ နဲ့ အတူပါ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြပါတယ်။

ယူကရိန်းအလယ်ပိုင်း ချာကာစယ်ပြည်နယ်ကို တိုက်ခိုက်မှုကို ရည်ညွှန်းပြီး စမီလာမြို့က လူနေအဆောက်အအုံတခုကို ဒုံးကျည်ထိမှန်ခဲ့လို့ ကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ရုရှားဟာ အသက်ကို ရှင်သန်စေတဲ့ အရာအားလုံးကို ပစ်မှတ်ထားနေတယ်လို့လည်း ဇလန်းစကီးက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရာမှာ ယူကရိန်းအစိုးရအတွက် ဆက်ပံ့ပိုးကူညီဖို့ ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကို သူက ထပ်လောင်းတိုက်တွန်းထားပါတယ်။

“ယူကရိန်းက သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေးကို အားကောင်းအောင်လုပ်ဖို့ လိုတယ်၊ အသက်တွေကို အကောင်းမွန်ဆုံး ကာကွယ်ပေးတဲ့ အရာပါ။ အမေရိကန်စနစ်တွေကို ဝယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ခေါင်းဆောင်မှု၊ နိုင်ငံရေးစိတ်ဆန္ဒ၊ အမေရိကန်၊ ဥရောပနဲ့ မိတ်ဖက်အားလုံးရဲ့ ပံ့ပိုးကူညီမှုတွေအပေါ် ကျနော်တို့ အားကိုးပါတယ်” လို့ ဇလန်းစကီးက ရေးခဲ့ပါတယ်။

ယူကရိန်းလေတပ်က ညလုံးပေါက် ပစ်ခတ်ခဲ့တဲ့ ရုရှားမောင်းသူမဲ့ လေယာဉ်နဲ့ ဒုံးကျည် ၂၄၉ စင်းကို ပစ်ချခဲ့ပြီး ဒရုန်း ၂၂၅ စင်း ရေဒါကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013