Home
မြန်မာသတင်း
အိုးဘိုထောင်၌ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းသဖြင့် ၆ လအတွင်း နိုင်ကျဥ်း ၅၆ ဦးကျဆုံး
DVB
·
June 28, 2025

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အပြင် ပြင်ပဆေးရုံတွေမှာ  ဆေးကုသခွင့်မရရှိတာကြောင့် အခုနှစ် ၆ လတာကာလအတွင်း နိုင်ငံရေးအကျဥ်းသား ၅၆ ယောက် ကျဆုံးခဲ့ရတယ်လို့ မြန်မာ့အကျဥ်းထောင်သက်သေ (Myanmar Prison Witness)က ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အိုးဘိုအကျဥ်းထောင်မှာ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုညံ့ဖျင်းတာ၊ ဆရာဝန်တွေ အချိန်မီရောက်မလာတာ၊ ထောင်ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီပို့ဆောင်နိုင်ခြင်းမရှိတာ၊ ပြင်ပမိသားစုဝင်တွေပေးပို့တဲ့ ဆေးဝါးတွေကိုကန့်သတ်ပိတ်ပင်တာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ကျဆုံးသွားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က  "အိုးဘိုထောင်က နိုင်ကျဥ်းသေဆုံးမှု အများဆုံးထောင် ဖြစ်နေတာဘာလို့လဲဆိုတော့ ဆေးဝါးစောင့်ရှောက်မှုမပြည့်ဝဘူး၊ ပါရာစီတမောဆေးပဲ ပေးတယ်။ ဘာရောဂါပဲဖြစ်ဖြစ် ဒီဆေးပဲပေးတာ အဆင်မပြေဘူး၊ အစာအိမ်ဖြစ်တဲ့သူဆိုရင် ထိခိုက်လာနိုင်တယ်။ တချို့ဆိုရင်ဆေးဝါးကို ဒိတ်လွန်တဲ့ဆေး၊ အဆင့်မမီတဲ့ ဆေးတွေကိုပေးပါတယ်" လို့ ပြောပါတယ်။

အိုးဘိုထောင်က ကျွေးတဲ့ အစားသောက်တွေကလည်း အသားဓာတ်၊ ငါးဓတ် မမျှတတဲ့အပြင် ထမင်းထဲမှာ ငှက်ချေးနဲ့ ခဲဆိပ်တက်စေတဲ့ ခဲမှုန့်တွေပါတာကြောင့် စားပြီးရင် လူကို ဖောယောင်တာဖြစ်စေတယ်လို့ မဆူးငယ်ကပြောပါတယ်။

“သူတို့ကျွေးတဲ့ တာလဘောမှာဆိုရင် ပဲတွေက သူတို့ပွဲရုံက အကျတွေပဲ၊ ဘယ်လိုမှစားလို့မရတဲ့ အာဟာရဖြစ်မလာနိုင်တဲ့ ပဲဟင်းတွေပေါ့၊ မှိုစော်၊ ပိုးစော်အနံ့တွေလည်းရတယ်လို့ ပြောပါတယ်။ တာလဘောမှာလည်း ဝက်ကျွေးတဲ့ငပိနဲ့ လုပ်လို့အနံ့ဆိုးတယ်၊ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့အ စားစာဖြစ်တယ်။ ဒါတွေကိုအကျဥ်းသူ အကျဥ်းသားတွေ စားနေရလို့ အာဟာရမဖြစ်ဘဲ ကျန်းမာရေးထိခိုက်တာပါ။”

နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်း သေဆုံးမှုအပေါ် ဆရာဝန် ဆေးရုံအုပ် ဦးမိုးဟိန်း၊‌ ဒေါက်တာသက်ထွန်းဦးနဲ့ ဒေါက်တာနေလင်းအောင်နဲ့ ထောင်ပိုင်တွေဖြစ်တဲ့ ဦးသိန်းဇော်မောင်နဲ့ ဦးစန်းလွင်တို့က သေဆုံးမှုဖြစ်စဥ်တိုင်းကို အဓိကတာဝန်ယူရမယ့် တာဝန်ရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် တယောက်က “အကျဥ်းထောင်အားလုံးနီးပါးမှာ လုံလောက်တဲ့ကျန်းမာ‌ရေးစောင့်ရှောက်မှု မရရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီထဲမှာမှ နိုင်ငံရေးအကျဥ်းသားများစွာ ထိန်းသိမ်းခံထားရတဲ့ အိုးဘိုထောင်က ရှိတဲ့အကျဥ်းသားဦးရေနဲ့ ဆရာဝန်အ‌ရေအတွက်နဲ့ မညီမျှတဲ့ အခြေအနေ ဖြစ်နေပါတယ်။ အရေးပေါ်ချိန်မှာ ဆရာဝန်တွေက အချိန်နဲ့ တပြေးညီသွားရောက် မကြည့်ရှု နိုင်တာ၊ ဆရာဝန်တွေက ပြည့်ဝတဲ့စောင့်ရှောက်မှုမပေးနိုင်တဲ့အခါ အခုလိုရုတ်တရက်သေဆုံးမှု၊ ပြင်ပဆေးရုံတွေကို သွားရောက်ကုသခွင့်မရတာကြောင့်လို့ ပြောချင်ပါတယ်" လို့ ပြောပါတယ်။

အိုးဘိုအကျ​ဥ်းထောင်က ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသားအများဆုံးသေဆုံးတဲ့ ထောင်ဖြစ်လာတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၂၇ ရက် မနက်က အာဏာသိမ်းစကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ အိုးဘိုထောင် ဆေးရုံမှာဆုံးပါးသွားခဲ့ပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်နဲ့  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်တို့ဟာလည်း အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ ရောဂါအခြေအနေ အဆိုးရွားဆုံးဖြစ်လာတဲ့ နောက်ဆုံးအချိန်မှ ထောင်ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013