Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ်နှင့် PNO ပြည်သူ့စစ်က ပြည်သူ့နေအိမ် ၄၀ ကျော်ကို မီးရှိ့ဖျက်ဆီး
DVB
·
June 26, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို PNO ပအိုဝ်း ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တို့က ဇွန် ၂၄ ရက်မှာ ဝင်ရောက်ပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်ခံခေါ်ယူထားတယ်ဆိုပြီး စွပ်စွဲကာ မီးရှိ့ခဲ့တာလို့ ရွာခံတယောက်က ပြောပါတယ်။

“ရွာသားတွေက ရှောင်တာ သီတင်း ၂ ပတ်ကျော်နေပြီ။ ရွာထဲမှာ ဘယ်တော်လှန်ရေးတပ်သားမှ မရှိဘူး။ အဲတာကို သူတို့ ရွာကိုမီးရှို့ချင်လို့သက်သက်နဲ့ ရွာသားကို စွပ်စွဲပြီးရှို့သွားတာ စိတ်ဓာတ်တွေ တော်တော်အောက်တန်းကျကြတယ်။”

ဇွန် ၂ ရက် ကတည်းက ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီနဲ့  PNO ပြည်သူ့စစ်တို့က အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးဘက်က နေရာ ၃ နေရာထက်မနည်း ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

တော်လှန်ရေးရဲဘော်တစ်က"သူတို့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ ပြီးရင် လက်နက်ကြီး၊ လေကြောင်းနဲ့လည်း တိုက်ခိုက်တယ်။ အဲတာကြောင့် တော်လှန်ရေးဘက်က ဆုတ်ခွာကြရတယ်။ တော်လှန်ရေးဘက်တွေ ဆုတ်ခွာပြီးမှ စစ်တပ်နဲ့ PNO သူတို့တွေ ဝင်လို့ရတဲ့ကျေးရွာကို ဝင်ပြီး ရွာသားရဲ့အိမ်တွေကို မီးရှို့သွားတာဖြစ်တယ်"လို့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်းက ဖယ်ခုံအရှေ့ဘက်ခြမ်းက ဆောင်နန်းခဲကျေးရွာကို စစ်သားတွေ မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဗီဒီယိုတခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီ ရုပ်သံထဲမှာ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲမှာ တအိမ်ဝင်အိမ်ထွက် မီးလိုက်ရှို့နေတာဖြစ်ပြီး ဒေသခံတွေကတော့ တော်လှန်ရေးတပ်တွေ ဆုတ်သွားတာကြာပြီဖြစ်တဲ့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ PNO တပ်တွေလို့ DVB ကိုအတည်ပြုပါတယ်။ 

မီးရှို့ခံရတဲ့ရွာဟာ ဆောင်နန်းခဲကျေးရွာဖြစ်ပြီး တိုက်ပွဲတွေဖြစ်လို့ တရွာလုံးနီးပါး စစ်ရှောင်နေတဲ့အတွက် လူအထိအခိုက်တော့ မရှိပါဘူး။

ဇွန်လ ပထမအပတ်မှာကတည်းက ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် တော်လှန်ရေးတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားတဲ့ နေရာ ၃ ခုလောက် လက်လွှတ်လိုက်ရတယ်လို့ ရှေ့ တန်းသတင်းအရင်းအမြစ်တယောက်က DVB ကို ပြောပါတယ်။

“စစ်ရေးအရ ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာ ၃ နေရာလောက် လက်လွှတ်လိုက်ရတယ်။ ဒီ တခါ စစ်ကြောင်းထိုးတာ လေကြောင်းကော လက်နက်ကြီးပစ်ကူကော အလွန်အကျွံသုံးပြီး မြေပြင်ကစ စ်ကြောင်းထိုးလာလိုက် ပြန်ဆုတ်လိုက်ပဲ။ သတိထားရမှာက ဒီလ ၂ ရက်နေ့ကစပြီး ရေပူကာကင်း နေရာပေးလိုက်ရကတည်းက အရင် အေးဆေးနေရတဲ့ လွယ်ပေါတို့ နန်းပေါ်လုံတို့ထိ မလုံခြုံတော့တဲ့ သဘောရှိပါတယ်။”

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ပါ တိုက်ခိုက်နေလို့ ဖယ်ခုံ-ပင်လောင်း-ညောင်ရွှေမြို့နယ်ရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ ကုန်းပေါ အပါအဝင် ကျေးရွာ ၂၀ ကျော်မှ အရပ်သား ၁၀,၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်ကောင်စီစစ်ကြောင်း အထိုင်ချရာ ဆောင်နန်းခဲတရွာလုံးနီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ရွာထဲမှာမီးကတော့ ငြိမ်းသွားပြီ၊ ဒါပေမဲ့ ရွာလုံးကျွတ်နီးပါးပါသွားတယ်။ ပြန်တော့ ကြည့်လို့မရသေးဘူး။ လောလောဆယ် စစ်သားတွေရှိနေတယ်။ ကျနော်တို့က ပင်လောင်းဘက်ကို အခုရှောင်နေပါတယ်။”

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာလည်း ဆောင်နန်းခဲကျေးရွာမှာရှိတဲ့ ကယန်းပြည်သစ်ဂိတ်ကို PNO ပြည်သူ့စစ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကယန်းပြည်သစ် ရဲဘော် ၂ ယောက်ထိခိုက်ပြီး ၁ ယောက် ကျဆုံးခဲ့ပါသေးတယ်။ 

မိုးဗြဲဘက်မှာလည်း အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းတွေထိုးလာလို့ ဒီရက်ထဲ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013