Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် ပြည်သူမဲပေးသည့် အစိုးရကို အာဏာလွှဲမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
June 25, 2025

၂၀၁၅ မှာ ပြည်သူ ရွေးချယ်ထားတဲ့ အရပ်သားအစိုးရနဲ့ မဲရလဒ်တွေကို ပယ်ဖျက်ပြီး စစ်အာဏာသိမ်းထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ထပ်လုပ်ပြီး ပြည်သူမဲပေးတဲ့ အစိုးရကို အာဏာလွှဲမယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးနည်းလမ်းကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသင့်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကြိုဆိုလမ်းဖွင့်ထားတယ်လို့ ဇွန် ၂၅ ရက်နေ့၊ နေပြည်တော်မှာ ပြုလုပ်ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ် မိန့်ခွန်းမှာ အခုလိုထည့်သွင်း ပြောဆိုသွားတာပါ။

ခြေဥမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း အမျိုးသားအကာအကွယ်နဲ့ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ပြည်သူတွေ မဲပေး ရွေးချယ်လိုက်တဲ့ အစိုးရကို အာဏာလွှဲပေးသွားမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “လွှတ်တော်ပေါ်ပေါက်လာပြီး ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်တဲ့ အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့ လိုလားချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင် ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ်၊ မှန်ကန်တဲ့လမ်းစဉ် မဟုတ်ဘူးဆိုတာကိုလည်း အလေးအနက် သတိပြုကြစေလိုပါတယ်။ မိမိတို့ လိုလားချက်တွေကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုသွားကြမှာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီငြိမ်းချမ်းရေးဖိုရမ်မှာ အဖွင့် အမှာစကားပြောကြားခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေး ဆွေးနွေးမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ကြဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့တာပါ။

ဒီလို နိုင်ငံရေး ဆွေးနွေးမှု ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကတဆင့် နိုင်ငံရေးရေး နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်မယ်လို့ သူက ပြောဆိုခဲ့တာပါ။

ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကို ထူထောင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေအတွက် ရွေးကောက်ပွဲစနစ်ကို မဲများသူ အနိုင်ယူစနစ် FPTP နဲ့ အချိုးကျ ကိုယ်စားပြုစနစ် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်က ဒီဖိုရမ်မှာ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းမျိုးစုံက ပုဂ္ဂိုလ်တွေ ပါဝင်ကြပြီး ဒီဖိုရမ်ကို အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတရပ်ဖြစ်စေဖို့ ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သူအားလုံးကို ဖိတ်ကြားခဲ့တယ်လို့လည်း အဖွင့်မှာစကားမှာ ထည့်သွင်းပြောကြားပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ မျက်နှာကြည့်ပြီး၊ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း လက်ကမ်းကြိုဆိုပါတယ်။ အားလုံးပါဝင်ပြီး စောနိုင်သမျှစောပြီး ဆွေးနွေးနိုင်လျှင် နိုင်ငံအတွက် ပိုမိုကောင်းမွန်မှာ ဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးအတွက် ထပ်မံ ဖိတ်ခေါ်အပ်ပါတယ်” လို့  ဆိုပါတယ်။

စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အခုလို ဖိတ်ခေါ်နေပေမဲ့ မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် လူသားစာနာမှု အကူအညီတွေ ပေးနိုင်ဖို့၊ ငလျင်ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ဖို့ ဆိုပြီး ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့ပေမဲ့ အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

DVB က စုဆောင်းထားတဲ့ အချက်အလက်တွေအရ ဆိုရင် ယာယီအပစ်ရပ်ကြေညာပြီးနောက် ဇွန် ၁၇ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆၀၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013