Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ဘန့်ပွေးပင် ဆေးဖက်ဝင်
DVB
·
June 25, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဘန့်ပွေးပင် ဆေးဖက်ဝင်အကြောင်းကို လက်တကမ်း ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ဘန့်ပွေးပင်ကို သိပ္ပံလို  Careya arborea လို့ခေါ်ပြီး အင်္ဂလိပ်လို  Ceylon Oak, Kumbhika, Katabhi, Wild Guava လို့ ခေါ်ကြပါတယ်။

ဘန့်ပွေးပင်အခေါက်မှာ lupeol, B-sitosterol, Betulin အရွက်များမှာ tri terpinoid၊ lactone၊ careya genolide၊ malinic acid၊ 2 - hydroxyl ursolic acid ,tannin အသီးမှာ အစေးများ အစေ့များမှာ alfa spia sterol၊ alfa- spina sterone၊ sapo genol careya genol စတဲ့ ကျန်းမာရေး အကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်စေခြင်း၊ ဓာတ်မတည့်မှု ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ အစာခြေခြင်းကို မြှင့်တင်ပေးခြင်း  စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ဘန့်ပွေးပင်ရဲ့ အခေါက်၊ အရွက်၊ အမြစ်၊ အသီးနဲ့အပွင့် တို့ကို သုံးစွဲကြပါတယ်။ ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်းတို့အတွက် ဘန့်ပွေးခေါက်ကို သစ်ကျပိုးခေါက်ဆတူနဲ့အတူ ထုထောင်းပြီး အနှစ်ကို ရေမှာ တညစိမ်ကာ တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများအတွက် အမြစ်သွေးရည် ကော်ဖီ ၂ ဇွန်း ကို နံနက်အိပ်ရာထ အစာအိမ်ထဲ အစာမရှိချိန်မှာ ၅-ရက်ခန့်  သောက်သုံးပေးနိုင်ပါတယ်။ 

ကြွက်သားနာကျင်ကိုက်ခဲခြင်းများမှာ ဘန့်ပွေးပင်အခေါက်နဲ့စွယ်တော်အမြစ်ကို သွေးပြီး တခါသောက် ကော်ဖီ ၁ ဇွန်း တနေ့ ၂ ကြိမ် ၇ ရက်ခန့် သောက်နိုင်ပေးပါတယ်။

ထိခိုက်ဒဏ်နာများမှာ အခေါက်ကို ထုထောင်းပြီး ဒဏ်ရာပေါ်မှာ အုံကာ စည်းနှောင်ပေးထားပါ။ ဘန့်ပွေးခေါက်ပြုတ်ရည် ငုံပေးခြင်းဖြင့် ခံတွင်းအနာများကို ပျောက်ကင်းစေပါတယ်။

ချောင်းဆိုးခြင်းအတွက် အခေါက်ကို ရေမှာ တညစိမ်ပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို  ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဖျားရောဂါမှာ အမြစ်ခေါက် စိမ်ရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ပိတ်ချင်းမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် အစာအိမ်အနာအတွက် အခေါက်စိမ်ရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အပင်ခေါက်မှုန့်/အရွက်သတ္တုရည်ကို ဒဏ်ရာများနဲ့ အနာများပေါ်မှာ လိမ်းပေးခြင်းဖြင့် အနာများကို အမြန်သက်သာပျောက်ကင်းစေပါတယ်။ ဘန့်ပွေးပင်အခေါက်မှုန့်ကို ရေနဲ့ရောစပ်ပြီး ပွေး၊ နှင်းခူ၊ အရေပြားယားယံခြင်းများမှာ လိမ်းပေးနိုင်ပါတယ်။

မီးနေသည်မိခင်များ ဘန့်ပွေးပွင့်ကို ရေမှာ တညစိမ်ပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို  ပျားရည် ကော်ဖီ ၁ ဇွန်း သို့မဟုတ် သကြား ကော်ဖီ ၁ ဇွန်း နဲ့ သောက်သုံးပေးခြင်းက မွေးဖွားမှုဖြစ်စဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာများကို အမြန်သက်သာပျောက်ကင်းစေပါတယ်။

အစာချေဖျက်နိုင်စေရန် နဲ့ အစားအသောက်ပျက်ခြင်းများမှာ အသီးသတ္တုရည် တခါသောက် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အခေါက်ပြုတ်ရည်ကို ပြီတည်နာ/အနာပေါက်ခြင်းများမှာ  အနာဆေးကြောသန့်စင်တဲ့ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ပင်စည်အခေါက်ကို အကျိတ်၊ အဖုနာများမှာ ထုထောင်းပြီး အုံပေးနိုင်ပါတယ်။ 

ကင်းမြီးကောက်ကိုက်ခြင်းအတွက် ဘန့်ပွေးပင်အခေါက် သွေးရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို  တနေ့ ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဘန့်ပွေးပင်ကို အသင့်အတင့် စားသုံးခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းက မူးဝေခြင်း၊ အော့အန်ခြင်း၊ အစားပျက်ခြင်း တို့ ဖြစ်စေနိုင်ပါတယ်။ တချို့ဓာတ်မတည့်သူများမှာ အရေပြား အဖုအပိန့်များ ထွက်ခြင်း၊ ယားယံခြင်းတို့ ဖြစ်တတ်ပါတယ်။ ဘန့်ပွေးပွင့်နဲ့ ဓာတ်မတည့်သူများ ဘန့်ပွေးပင်ထွက်ပစ္စည်းများကို ရှောင်ကြည်ပါ။ ကိုယ်ဝန်ဆောင်မိခင်များ ဘန့်ပွေးပင်သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ ဘန့်ပွေးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013