
ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းပေးသူနဲ့ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး အဖမ်းခံခဲ့ရတဲ့အရပ်သား ၁၁ ယောက်ကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁၉ ရက်က ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ဓနုဖြူမြို့ပေါ်က လမ်းတွေမှာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်၊ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားလာနေသူတွေကို စောင့်ကြည့်ပြီး ပန်းပန်ထားသူတွေနဲ့ နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေးကာ အရပ်သား ၁၁ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန် ၂၃ ရက် ညနေပိုင်းက ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဓနုဖြူဒေသခံက ''ပန်းပန်တဲ့လူတွေနဲ့ ဖေ့ဘွတ်ခ်မှာ ဆုတောင်းပို့စ် တင်တဲ့သူတွေကို ဖမ်းခဲ့တာ။ အမျိုးသမီးအများစု အဖမ်းခံခဲ့ရတာ။ နောက်ကို ဒါမျိုးမလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးတာ”လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေကတော့ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသမီး၊ အမျိုးသား ၄ ယောက်ဖြစ်ပြီး ဇီးဖြူကျွန်း၊ ကပ်ခိုးကျေးရွာနဲ့ ဓနုဖြူမြို့ပေါ် က အရပ်သားတွေ ဖြစ်ကြပါတယ်။
မြို့ခံတယောက်က ''ပြန်လွှတ်ပေးတာကိုပဲ ကျေးဇူးတင်နေရတာ။ မဟုတ်ရင် သူ့တို့ (စကစ) လက်ထဲရောက်တာနဲ့ မလွယ်ဘူး။ ယောကျ်ားလေးတွေကိုတော့ နောက်ထပ်ဒါမျိုးတွေလုပ်ရင် ထောင်ကျလို့ ပြောဆိုပြီး ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်"လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းသပိတ်နဲ့ မွေးနေ့ ဆုတောင်းပို့စ် ဖေ့စ်ဘွတ်ခ်ပေါ် တင်တဲ့ အရပ်သားတွေကို ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်က စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းသပိတ်နဲ့ ဆုတောင်းပိုစ့်တင်ခဲ့မိတဲ့ စစ်ကောင်စီလက် အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV ရဲ့ ငွေစာရင်းဌာနက ဝန်ထမ်း အမျိုးသမီးတယောက်ကိုလည်း စစ်ကောင်စီက ဇွန် ၂၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။