ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ဆင်စခန်းတခုကို စစ်ကောင်စီတပ်က ဇွန် ၂၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲချခဲ့လို့ ဆင်ဦးစီး တယောက် သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိသလို အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက “တီးတိန်မြို့နယ်ထဲက ခိုင်ကမ်းဆင်စခန်းလို့ခေါ်တဲ့ အပန်းဖြေစခန်းကို ဗုံးကြဲခံလိုက်ရတာဖြစ်ပါတယ်။ ဆင်စခန်းထဲမှာရှိနေတဲ့ ဆင်ဦးစီး တယောက် ပွဲချင်းပြီးသေဆုံးပါတယ်။ သေဆုံးသွားတဲ့ ဆင်ဦးစီးခေါ်တဲ့ ဆင်ထိန်းကလေးက အသက် ၁၆ နှစ်ဝန်းကျင်ဘဲရှိပါသေးတယ်။ ဖုန်းလိုင်းတွေ အဖြတ်ခံ ထားရတော့ သူ့မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူး။ အမျိုးသမီး တဦးလည်း အပြင်းအထန်ဒဏ်ရပြီးတော့ ဆင်စခန်းထဲက အဆောက်အအုံတချို့လည်း ထိခိုက် ပျက်စီးသွားသေးတယ်” လို့ ပြောပါတယ်။
ဒဏ်ရာပြင်းထန်တဲ့အမျိုးသမီးကိုတော့ ကလေးမြို့ပြည်သူ့ ဆေးရုံကိုပို့ဆောင်လိုက်ကာ သေဆုံးသွားတဲ့ ဆင်ထိန်းကလေးရဲ့ ရုပ်အလောင်းကိုတော့ ဇွန် ၂၃ ရက် မနက်မှာ ပြည်သူတွေက သင်္ဂြိုလ်ပေးခဲ့ပါတယ်။
PDF Zoland ရဲ့ အတွင်းရေးမှူး ဦးရောဘတ် က “အဲ့ဒိဘက်မှာတော့ တိုက်ပွဲဖြစ်နေတာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ ပေါင် ၅၀၀ တော့ မဖြစ်နိုင်ဘူး။ ပေါင် ၂၅၀ ဗုံးလောက်ချသွားတာဖြစ်မယ်။ ကွဲချောင်းကူးကြိုးတံတားကတော့ ဘာမှထိခိုက်တာမရှိဘူး။ ဖြတ်လို့ရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကဗုံးကြဲတိုက်ခိုက်သွားတဲ့ ခိုင်ကမ်းဆင်စခန်းဟာ ခိုင်ကမ်းမြို့ရဲ့ ၅ မိုင်ဝန်းကျင်အကွာ ချင်းတောင်ခြေမှာရှိပြီး ဆည်ကြီးချောင်း (ခေါ်) ကွဲချောင်းကူးကြိုး တံတားအနီးမှ ာတည်ရှိတဲ့ ချင်းပြည်နယ်ရဲ့ အထင်ကရနေရာတခုဖြစ်ပါတယ်။