Home
နိုင်ငံတကာ
အမေရိကန် တိုက်ခိုက်မှုကို လုံခြုံရေးကောင်စီတွင် အီရန် ရှုတ်ချ
DVB
·
June 24, 2025
Photo: REUTERS/Brendan McDermid

အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား နက်နက်နဲနဲ သဘောထားကွဲခဲ့အပြီး ဇွန် ၂၂ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေးအတွင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အာမီယာ ဆာအိ အီရာဗာနီက တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး နျူကလီးယား မပြန့်ပွားရေးသဘောတူစာချုပ် (NPT) ကို “ရန်လိုမှုနဲ့ ဥပဒေမဲ့လုပ်ရပ်အဖြစ်သုံးတဲ့ နိုင်ငံရေးလက်နက်” အဖြစ် အမေရိကန်က ကြိုးကိုင်နေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

အီရန်အစိုးရရဲ့ တုံ့ပြန်မှုကို လက်နက်ကိုင်တပ်ဖွဲ့တွေက ဆုံးဖြတ်ပြီး ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆူလေမာနီ လုပ်ကြံခံရမှုက အမေရိကန်ရဲ့ ရန်လိုမှု သင်္ကေတအဖြစ် ဝေဖန်ခံရမယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

ယာယီအမေရိကန်သံတမန် ဒေါ်ရိုသီကမီးလ်ရှဲက အီရန်ဟာ စေ့စပ်ညှိနှိုင်းမှုတွေကို အဟန့်အတားဖြစ်စေပြီး ခြိမ်းခြောက်မှုကြီးထွားလာတယ်လို့ ပြောရင်း အမေရိကန်ရဲ့  တိုက်ခိုက်မှုကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

“အီရန်အစိုးရဟာ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်ပါဘူး” လို့ ပြောရင်း အီရန်က နျူကလီးယားလက်နက်တွေ ရအောင် ကြိုးစားနေတာကို စွန့်လွှတ်ရင်း အစ္စရေးနဲ့ အမေရိကန်တို့အပေါ် ခြိမ်းခြောက်တာတွေကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က အီရန်ဟာ ဒုံးကျည်တွေထုတ်လုပ်ပြီး ယူရေနီယံ ကြွယ်ဝလာရေး အချိန်ဆွဲဖို့ သံတမန်ရေးရာ နည်းလမ်းကို သုံးနေတယ်လို့ စွပ်စွဲပါတယ်။

“မမှားပါစေနဲ့၊ အရေးယူဖို့ ပျက်ကွက်ရင် ကုန်ကျစရိတ်က ဆိုးရွားလိမ့်မယ်” လို့လည်း သူကပြောပါတယ်။

ရုရှားသံအမတ်ကြီး ဗာဆေးလီး နီဗျန်ဇီယာက အမေရိကန်ဟာ နိုင်ငံတကာ သံခင်းတမန်ခင်းကို ကျော်လွှားတယ်လို့ အပြင်းအထန် ဝေဖန်ခဲ့ပြီး အမေရိကန်အစိုးရဟာ ကမ္ဘာကြီးကို နျူကလီးယား အကျပ်အတည်းဆီ ကျရောက်သွားစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အစည်းအဝေးအတွင်း ဖြန့်ဝေပြီး တရုတ်နဲ့ ပါကစ္စတန်တို့က ကျောထောက်နောက်ခံပေးထားတဲ့ အဆိုပြုချက်အတိုင်း အပစ်အခတ်ရပ်စဲရေးနဲ့ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီ ပြန်လာဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်တို့ဟာ အရှေ့အလယ်ပိုင်းမှာ ချက်ခြင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုတဲ့ မူကြမ်းတရပ်ကို အစည်းအဝေးအတွင်း ဖြန့်ဝေခဲ့တာပါ။

ရိုက်တာသတင်းဌာနက မြင်ရတဲ့ မူကြမ်းထဲမှာ စာသားတွေက အီရန်နျူကလီးယား စက်ရုံတွေအပေါ် တိုက်ခိုက်မှုကို ရှုတ်ချပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ နာမည်ကို မဖော်ပြထားပါဘူး။

အဖွဲ့ဝင်တွေကို ဇွန် ၂၃ ရက်မှာ မှတ်ချက်တွေ တင်သွင်းဖို့ တောင်းဆိုထားတယ်လို့ သံတမန်တွေက ပြောပေမဲ့ ဘယ်အချိန်မှာ မဲခွဲဆုံးဖြတ်မလဲ ဆိုတာကို မသိရသေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013