Home
မြန်မာသတင်း
ထီးကပလယ်စခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်
DVB
·
June 23, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ ဒီနေ့ ဇွန် ၂၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ 

ထိုင်းနယ်စပ်နဲ့ ကိုက် ၅၀၀ အကွာ ထိုင်းဘက်ကို ဦးတည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး လက်နက်ကြီး ၆၀ မမ ၃ လက်နက်နဲ့ လက်နက်ငယ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်ရှာဖွေ နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် ကျူးကျော်တပ်စွဲထားတဲ့ ထီးကပလယ် တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ပြန်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းပိုက်ရှိရေးအတွက် KNLA ပူးပေါင်းတပ်တွေက ဇွန် ၃ ရက်ကစတင်ပြီး ဒရုန်းနဲ့ တရက်ကို ဗုံးသီး ၁၀ လုံးမှ ၃၅ လုံးအထိ  စခန်းတွင်းပစ်ခတ်ခဲ့ပြီး  ဇွန် ၂၁ ရက် ညမှာ စစ်ကောင်စီ တပ်မှူးနဲ့ အရာရှိတွေ မခံနိုင်တော့တဲ့အတွက် စခန်းဆုတ်ခွာသွားခဲ့ကာ ဇွန် ၂၂ ရက်မှာတော့ အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့တာပါ။

ထီးကပလယ်စခန်းဟာ ခုခံစစ်ကောင်းမွန်စွာ ပြုလုပ်ထားပြီး စခန်းရဲ့ အတွင်းပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အပြည့်နဲ့ စစ်သည်အင်အား ၆၀ လောက် စခန်းထိုင်ထားပြီး ဒရုန်း ဖျက်စနစ်တွေ၊ လျှပ်စစ်မီးစက်နဲ့ ဆိုလာပြားတွေလည်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။

KNU တပ်တွေ မာနယ်ပလောဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို  ၁၉၉၅ ခုနှစ် မေလမှ စတင်ကာ KNU  ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ပါတယ်။ 

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မြန်မာစစ်တပ်က ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၂၈ နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်မှာတော့  ထီးကပလယ် တပ်စခန်းကို KNU က ပြန်လည် ရယူ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013