Home
မြန်မာသတင်း
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်ခံရမှုများ အပြစ်ပေး၊ အရေးယူနိုင်မှု အားနည်း
DVB
·
June 23, 2025

ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၁,၀၀၀ နီးပါးရှိခဲ့ပြီး ဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်မှုတွေက အားနည်းနေတယ်လို့ အမျိုးသမီးရေးရာအဖွဲ့တွေက ပြောပါတယ်။

အာဏာသိမ်းဖြစ်စဉ် စတင်ခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် မေလအထိ ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးနဲ့ အမျိုးသမီးလို့ ခံယူထားသူတွေအပေါ် လိင်အကြမ်းဖက်ခံရတဲ့ အမှုပေါင်း ၉၆၃ မှု ရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) (WLB) ရဲ့ ထုတ်ပြန်ချက် စာတမ်းအရ သိရပါတယ်။

ကျူးလွန်မှုတွေမှာ မုဒိမ်းမှု ၁၈၃ မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၇၅၈ မှုနဲ့ အထွေထွေ ကျား၊ မ အခြေပြု အကြမ်းဖက်မှု ၈၈ မှုတို့ ရှိခဲ့ပါတယ်။

ပဋိပက္ခကာလတွေအတွင်းမှာ ဥပဒေရေးရာ အားနည်းမှုတွေကြောင့် ကျူးလွန်သူ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဆောင်နိုင်ကြောင်းကိုလည်း အမျိုးသမီးအရေး ကူညီလုပ်ဆောင်နေသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

Sisters 2 sisters အဖွဲ့မှ မသဉ္ဇာရွန်းလဲ့ရည်က “နှစ်ပေါင်းများစွာ ကျမတို့နိုင်ငံက ပြည်တွင်းစစ်ဆိုတာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးလို့တောင် ပြောလို့ရတယ်။ ဖြစ်လာခဲ့တာ ကြာပြီဆိုတော့ ထိခိုက်နစ်နာမှုတွေဟာ နေရာအစုံမှာ မျိုးဆက်အလိုက်ကို ဖြစ်ပွားနေတာရှိတယ်။ နောက် ကျူးလွန်သူတွေကိုကြည့်ရင် အများဆုံးကတော့ မြန်မာစစ်တပ်ကနေ ကျူးလွန်တာ ဖြစ်တယ်။ ကျန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်မှာလည်း ကျူးလွန်တာကို မှတ်တမ်း တွေ့ရှိရတာ ရှိတယ်။ စစ်အုပ်စုဟာ ဘာကြောင့် နှစ်ပေါင်းများစွာကို အကြမ်းဖက်မှုတွေကို ကျူးလွန်တာလဲလို့ လေ့လာကြည့်တဲ့အခါမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာက အဓိက အကြောင်းအရင်းဖြစ်တယ်။ ဘယ်သူမို့ ဘယ်ဝါမို့ ဘယ်ကာလမှာမို့လို့ ဆိုတဲ့ စဉ်းစားချက်တွေ နောက်ကျနေမှ တရားရေးမဏ္ဍိုင်ဘက်က အရေးယူမှု ပျက်ကွက်တာပေါ့နော်။ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်တယ်ဆို ဖြစ်တဲ့အတိုင်း ချွတ်ယွင်းချက်မရှိ အရေးယူနိုင်ဖို့လိုတယ်။ အဲဒီလို အရေးယူနိုင်မှပဲ အဲဒီကိစ္စတွေက ရပ်တန့်သွားမှာ” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ မေလအထိ စစ်ကိုင်း၊ ရှမ်း၊ ကရင်နီဒေသတွေက အမျိုးသမီးတွေဟာ “လိင်အကြမ်းဖက်မှု” သာမက “သတ်ဖြတ်မှု” အထိပါ ဖြစ်ပွားခဲ့ကြောင်းကိုလည်း WLB က ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအဖွဲ့ဝင်တွေဘက်က ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရပြီး ၆ လကျော် ကြာတဲ့အထိ ကျူးလွန်သူလို့ တိုင်ကြားထားတဲ့သူကို အပြစ်ပေး အရေးယူတာ မရှိသေးတဲ့အတွက် မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ခံစားချက် ခံစားနေရကြောင်း ကျူးလွန်ခံရသူ လူငယ်အမျိုးသမီးက DVB ကို ပြောပါတယ်။

“ကျနော်ကိုယ်တိုင်လည်း တော်လှန်ရေးဘက်က ဆိုသူတွေရဲ့ အကြမ်းဖက် ကျူးလွန်မှုတွေကို ခံလိုက်ရပြီးတော့ အခုချိန်ထိ တရားမျှတမှု မရသေးတဲ့အတွက် မျှော်လင့်ချက် ကင်းမဲ့တယ်ဆိုတဲ့ ခံစားချက်ကို ခံစားရတယ်။ ကျူးလွန်သူတွေ အရေးယူခံရဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးမှာ တာဝန်ရှိသူတွေ ကိုယ်တိုင်ကိုက ကျူးလွန်သူတွေ ဖြစ်နေတာမျိုး၊ တာဝန်ရှိသူတွေက ကျူးလွန်သူဘက်ကနေ ရပ်တည်နေတာမျိုးတွေပေါ့။ အဲဒီလိုတွေကြောင့် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရဖို့မပြောနဲ့၊ လူမသိ သူမသိ ပျောက်ကွယ်သွားတဲ့ အမှုတွေမှ အများကြီးပေါ့။ ပြစ်မှုကင်းလွတ်နေတဲ့ ကျူးလွန်သူတွေကို အရေးယူပြီးတော့ တရားမျှတမှု ရှာဖွေရာမှာ အားလုံးဝိုင်းဝန်းပြီးတော့ ပါဝင်ဖို့ ကြိုးစားရမယ်လို့ ပြောချင်ပါတယ်။”

လိင်အကြမ်းဖက်မှုတွေမှာ ကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနဲ့ လိင်အကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာသူတွေနဲ့အတူ ရပ်တည်ကြောင်း  ပြသဖို့ အနီရောင်နှုတ်ခမ်းနီဆိုးကာ ပါဝင်နိုင်တဲ့ RED Lips Speak Truth To Power ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းကို ဇွန် ၁၉ ရက်​ကနေ ၂၆ ရက်အထိ ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ အတူရပ်တည်ကြောင်း နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသမီးရေးရာအဖွဲ့ပေါင်း ၆၀ ကျော်ကလည်း ပူးတွဲထုတ်ပြန်ချက်တစောင် ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013