Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး ပိုမိုလုပ်ဆောင်ရန် OIC ကို ဘင်္ဂလားဒေ့ရှ် တောင်းဆို
DVB
·
June 23, 2025

နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရှိစေရေး ပိုမိုအားကောင်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး မိုဟာမက် တူဟစ်ဒ် ဟူစိန်က တောင်းဆိုတိုက်တွန်းလိုက်တဲ့အကြောင်း BSS News သတင်းမှာ ဇွန် ၂၂ ရက်က ဖော်ပြပါတယ်။

တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်မှာ ကျင်းပတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုဆိုင်ရာ OIC ဝန်ကြီးများအဆင့် ကော်မတီ အစည်းအဝေးမှာ ခုလို တိုက်တွန်းလိုက်တာပါ။

OIC ရဲ့ တသမတ်တည်း ရပ်တည်ချက်ကို နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်က ချီးကျူးခဲ့သလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ အခြေအနေ ပိုဆိုးလာနိုင်တဲ့အခြေအနေတွေအပေါ်လည်း သတိပေးခဲ့တယ်လို့ ဆိုပါ တယ်။

ကမ္ဘာပေါ်မှာ နှိပ်စက်ညှဉ်းပန်းမှု အခံရဆုံး မွတ်စလင် လူနည်းစုတွေထဲက တခုဖြစ်တဲ့ ရိုဟင်ဂျာ အသိုက်အဝန်း အခက်အခဲ ဆုံးဖြတ်ချက်ကို ချမှတ်ပေးတဲ့အတွက် OIC အဖွဲ့ကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ က လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် ဖော်ပြထားပြီး လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတင်ကာ အတင်းအကျပ် အိုးမဲ့အိမ်မဲ့ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကျော်ကို လက်ခံပေးခြင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ထူးထူးခြားခြား လူသားချင်းစာနာမှုဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ခဲ့ကြောင်းလည်း သူက မှတ်ချက်ပြုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက် ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ခံခံရမှုတွေကြောင့်  လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ထွက်ပြေး ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီးတော့ အသစ်ရောက်ရှိလာတဲ့  ဒုက္ခသည် ၁၁၈,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ပြန်လည်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအပေါ် ဖိအားတွေဟာ ရေရှည်တည်တံ့ခိုင်မြဲမှု မရှိပါဘူး။ ကျနော်တို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော်(AA) က ဒေသအများစုကို အပြည့်အဝ ထိန်းချုပ်ထားသလို ပဋိပက္ခအခြေအနေတွေဟာလည်း သိသိသာသာ တိုးမြင့်လာနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးက ထောက်ပြထားသလို အခုနှစ် မေလအထိ ရခိုင်ပြည်နယ်အတွင်း လူပေါင်း ၅၈၇,၀၀၀ လောက်ဟာ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှု ကျဆင်းလာတာကလည်း စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်နိုင်ရေးနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ အထူးသဖြင့် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ မလေးရှားနိုင်ငံနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Source: BSS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013