Home
မြန်မာသတင်း
ကန့်ဒေါင့်ရဲစခန်းကို မဟာမိတ်တပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်
DVB
·
June 20, 2025

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန် ၁၉ ရက်၊ မနက် ၆ နာရီ ၄၀ ဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့ကြောင်း  PLA က ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၂ ရက်နေ့မှာ စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲကို ဇွန် ၁၉ ရက်နေ့ အချိန် ၂ ပတ်ကျော်အကြာမှာ သိမ်းယူနိုင်ခဲ့တာပါ။

ပုလဲမြို့နယ်ဟာ စစ်ကိုင်း-မကွေး-ချင်း လမ်းပန်းခရီးမှာ အရေးပါတဲ့ မြို့နယ်ဖြစ်ပြီး ဗျူဟာအရ လမ်းကြောထိန်းချုပ်ဖို့အတွက် ကန့်ဒေါင့်ရဲစခန်းဟာ အရေးပါတဲ့နေရာမှာ ရှိနေခဲ့တာပါ။

ကိုဥက္ကာ (ကျားသစ်နက်-ပုလဲ) က “ကျားသစ်နက်တပ်ရင်းအနေနဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းအနေနဲ့ပေါ့နော် ဖြတ်တောက်ရေးအပိုင်းကနေလည်း တာဝန်ယူထားတယ်၊ နောက်ပြီးတော့ လိုအပ်တဲ့ ပွိုင့်တွေကို ကျနော်တို့ လှုပ်ရှားစစ်ကြောင်းအဖြစ် ကူညီခဲ့ပါတယ်။ PLA ရဲ့ ကွပ်ကဲမှုနဲ့ စစ်ပုံကျကျ ကစားနိုင်ခဲ့တယ်ပေါ့နော်။ စစ်ကောင်စီအနေနဲ့ ဒီစခန်း ဒီတိုက်ပွဲ မကျရေးအတွက် ၃ ရက်နေ့ကတည်းက ၁၉ ရက်နေ့အထိ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ရေး ရဟတ်ယာဉ်မျိုးစုံသုံးပြီးမှ ကျနော်တို့တွေ ပစ်ခံရတယ်ပေါ့။ ကျနော်တို့ ဖြတ်တောက်ရေး အပိုင်းကတော့ အရှင်မိထားတဲ့ ဒုတပ်ကြပ်တို့ ၂ ပွင့်ဗိုလ်တို့ အဲဒါတွေလည်း မိထားတာလည်း ရှိတယ်ပေ့ါ၊ ကျဆုံးတဲ့ ရဲဘော်လည်း ရှိပါတယ်ဗျ။ PLA ဘက်မှာလည်း ၃ ယောက်လို့ သိရတယ်။ နောက်ပြီး ABSDF မှာလည်း ၂ ယောက်လောက်ကြားတယ်၊ ကျနော်တို့တပ်ရင်းကတော့ ကျနော်တို့ ရဲဘော်တယောက် ကျပါတယ်” လို့ ပြောပါတယ်။

ဇွန် ၂ ရက်ကနေ ဇွန် ၁၉ ရက်အထိ စခန်းထိန်းနိုင်ဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၅၀၀ ကျော် ကြဲချခဲ့တယ်လို့ PLA က ကြေညာချက်မှာ ဖော်ပြပါတယ်။

ဇွန် ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ F4 အမျိုးအစား တိုက်လေယာဉ်တစီးကို PLA က ပစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်လေယာဉ် ထိခိုက်ပျက်စီးတာကို စစ်ကောင်စီဘက်က အတည်ပြုထားပေမဲ့ ပစ်ချခံရတာမဟုတ်ဘဲ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တာဝန်ရှိသူတယောက်က “ကျနော်တို့က ဖြတ်တောက်ရေး တာဝန်ယူထားရတာလေ၊ ဖြတ်တောက်ရေးကို ကျနော်တို့ရယ်၊ BRTF ရယ်၊ PLA ရယ်က ရဲဘော်တွေရယ် ကျနော်တို့ ပူးပေါင်းပြီးကာမှ အထဲမှာလည်း တကယ့်စစ်ဆင်ရေးကြီးကိုတော့ PLA က ရဲဘော်တွေကတော့ ထဲထဲဝင်ဝင် စခန်းသိမ်း ချေမှုန်းရေးကတော့ သူတို့တာဝန်ယူတာပေ့ါလေ” လို့ ပြောပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ ဒေသတွင်း အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ-ဂန့်ဂေါလမ်း) ပိုင်းမှာ တည်ရှိတာပါ။ အဲဒီလမ်းဟာ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တဲ့လမ်း ဖြစ်တဲ့အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ဗျူဟာအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။

ကန့်ဒေါင့်ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဘက် ၃၅ မိုင်ဝန်းကျင်မှာ ကပစ ၂၄ တည်ရှိတာကြောင့် စစ်ကောင်စီက ကန့်ဒေါင့်ရဲစခန်းကို လက်မလွှတ်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒေသတွင်းမှာ ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့စခန်း ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013