Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ရှမ်းတောင်တပ်ရင်းများ ပန်းသပိတ်ပြုလုပ်
DVB
·
June 19, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းတောင်တပ်ရင်းတွေကနေ ပန်းသပိတ်နဲ့ အမှတ်တရ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁၀၀၉ တပ်ရင်း IPDF က ပန်းသပိတ်ပြုလုပ်ပြီး SSNDF/KNDF ဗျူဟာ အမှတ် ၉ B-101, B-102, B-103 တပ်ရင်းတွေက ပန်းသပိတ်ပြုလုပ်တာ၊ မွေးနေ့ဆုတောင်းပေးတာတွေ အသီးသီး ပြုလုပ်ကြပါတယ်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့က မွေးနေ့ဆုတောင်းပြုလုပ်တာ၊ ပုံတူပန်းချီဆွဲတာ၊ ကဗျာသီစပ်တာ၊ မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ရှောင်နဲ့ ရဲဘော်တွေကို ဆေးကုသပေးနေတဲ့ O-1 ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေအတွက် ခေါက်ဆွဲကြော်နဲ့ အအေး လှူဒါန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ပြည်သူတွေ အားကိုးယုံကြည်တဲ့ နိုင်ငံခေါင်းဆောင်၊ အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ အမေအိုတယောက် မတရား ချုပ်နှောင်ခံရတာကို လူအများသိစေနိုင်ဖို့၊ နိုင်ငံတကာကလည်း ပိုပြီးသိစေနိုင်ဖို့၊ ပြီးတော့ ရဲဘော်တွေကလည်း အမေစုအပေါ် ယုံကြည်မှုအပြည့်ရှိတယ်။ သူတို့လည်း တတတ်တအားနဲ့ ပါဝင်ရတယ်ဆိုတဲ့ စိတ်ခွန်အားလည်း ဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပေါ့” လို့ ပြောပါတယ်။

လူထုခေါင်းဆောင်ရဲ့ မွေးနေ့အမှတ်တရအဖြစ် မြန်မာနိုင်ငံအနှံ့က ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ရင်း အများစုက ပန်းသပိတ်ပြုလုပ်တာ၊ သွေးလှူဒါန်းမှု ပြုလုပ်တာ၊ မွေးနေ့ဆုတောင်းပေးတာ၊ အာဟာရအလှူပြုလုပ်တာ၊ ဗီနိုင်းချိတ်ဆွဲ ဂုဏ်ပြုတာတွေ ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013