Home
မြန်မာသတင်း
ဖယ်ခုံနှင့် မိုးဗြဲတွင် တိုက်ပွဲပြင်းထန်၊ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
DVB
·
June 18, 2025

ဖယ်ခုံအ‌နောက်ဘက်ခြမ်းနဲ့ မိုးဗြဲမြို့ဘက်တွေကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာလို့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေ ထပ်ပြီး စစ်ကြောင်းခွဲထိုးလာလို့ မိုးဗြဲနဲ့ ဖယ်ခုံ အနောက်ဘက်ခြမ်းတွေမှာ ဒီရက်ထဲ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

လက်နက်နဲ့ လူအင်အား ဖြည့်တင်းဖို့အတွက် မိုးဗြဲကားလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ မနှစ်ထဲက စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာ အခုထိ မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ပေါင်းစုဘက်က ကာကွယ်ထားနိုင်တုန်းပါ။

မကြာခဏ ထိုးစစ်တွေကြောင့် မိုးဗြဲအနီးနားက ကျေးရွာအများစုကတော့ မီးလောင်ပျက်စီးနေပြီး ရွာလုံးကျွတ် စစ်ရှောင်နေရတဲ့ ရွာတွေလည်း ရှိလာနေပါပြီ။

မိုးဗြဲ PDF တာဝန်ခံတယောက်က “မိုးဗြဲအခြေအနေကတော့ မနေ့ညကအထိ (--)ထိုးလာတယ်။ တိုက်ပွဲတော့ ရှိနေသေးတယ်။ ဖယ်ခုံဘက်မှာ ပေါ်တာဆွဲတယ် ဆိုတာမျိုးတော့ လောလောဆယ် မြေပြင်မှာရှိတဲ့ ကျနော့်ရဲဘော်တွေကို လှမ်းပြီးတော့ စုံစမ်းခိုင်းတုန်းပဲရှိသေးတယ်။ မိုးဗြဲဘက်တော့ ပေါ်တာဆွဲတာ မရှိသေးဘူး” လို့ ပြောပါတယ်။

အခု ထပ်ထိုးလာတဲ့ စစ်ကြောင်းဟာ ဖယ်ခုံအနီးအနားက ကျေးရွာတွေမှာ ဒေသခံတွေကို ပေါ်တာဆွဲတာ နေအိမ်တွေကို မီးရှို့တာတွေ ဆက်တိုက်လုပ်နေပြီး PNO ဘက်က ရုရှားကလာပြီး သင်တန်းပေးထားတဲ့ အထူးကွန်မန်ဒိုတွေကို တိုက်ပွဲမှာ အသေကော အရှင်ပါ မိတယ်လို့ အင်းလေး PDF တာဝန်ခံတယောက်က ဆက်ပြောပြပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်နေ့ကစပြီး တောင်ပို့ကွဲရွာဘက်ကနေ စစ်ကြောင်းထိုးလာတယ်။ လေယာဥ်တွေ လက်နက်ကြီးပစ်ကူတွေ အဆမတန်သုံးပြီး ထိုးလာနေတာ။”

ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ ရဲ့ ထုတ်ပြန်ချက်အရ ရှမ်းတောင်-ကရင်နီနယ်စပ်ဒေသ ကုန်းသာကျေးရွာမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နဲ့အတူ ဖယ်ခုံ PDF 1006 တပ်ရင်းတို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့အတွက် ဖယ်ခုံတဝိုက်မှာလည်း စစ်ရေးအခြေအနေ တင်းမာနေပါတယ်။

ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာဝန်ခံတယောက်က “ဖယ်ခုံမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒါပေမဲ့ စစ်သွေးကြွ PNO အဖွဲ့တွေတော့ ဖယ်ခုံမြို့ရဲ့ နယ်စွန်နယ်ဖျားမှာရှိတဲ့ ကျေးရွာတွေမှာ ပေါ်တာလိုက်ဆွဲနေတယ်ဆိုတဲ့ သတင်းတော့ ကြားတော့ ကြားနေတယ်။ ဒီဟာကိုလည်း သက်ဆိုင်တဲ့ နယ်မြေအတွင်းက တာဝန်ရှိတဲ့သူတွေကို သတင်းအတိအကျရနိုင်ဖို့ ကျနော်တို့ ချိတ်ဆက်နေပါတယ်” လို့ ပြောပါတယ်။

ကရင်နီစစ်မြေပြင်အနှံ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် စစ်ရှောင်ဦးရေကလည်း တိုးလာနေပါတယ်။

ဖယ်ခုံအနောက်ဘက်ခြမ်းက ထွက်ပြေးလာတဲ့ စစ်ရှောင်တွေမှာ အစားအသောက် ထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေသလို နဂိုရှိပြီးသား စစ်ရှောင်စခန်းတွေမှာလည်း စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ မိုးကာလိုအပ်ချက်တွေ ရှိနေလို့ အကူအညီ တောင်းခံနေကြပါတယ်။

မိုးဗြဲမြို့နဲ့ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တကျော့ပြန်တိုက်ပွဲတွေဖြစ် နေတာ ၆ လထိထဲရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးတိမ်းရှောင်သူ ဦးရေး ထပ်တိုးလာပြီး ယာယီစစ်ဘေးရှောင်စခန်းတွေမှာ လူတွေပြည့်နေတာကြောင့် နေစရာနေရာဆောက်လုပ်ဖို့ သစ်၊ဝါး မိုးကာနဲ့ စားနပ်ရိက္ခာတွေ ကူညီဖို့ လိုအပ်နေတာပါ။

စစ်တပ်က အာဏာသိမ်းတဲ့ ၄ နှစ်ကျော်ကာလအတွင်း ရှမ်း- ကယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ ခုခံတွန်းလှန်စစ်ပွဲတွေကြောင့် တိုက်ပွဲဧရိယာအတွင်းမှာ ကျရောက်နေတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာဆိုရင် နှစ်နဲ့ ချီပြီး ကြာမြင့်နေတာတွေလည်း ရှိပါတယ်။

အခု မိုးတွင်းကာလအတွင်း နှစ်ရှည်စစ်ဘေးရှောင်စခန်းတွေက ပြည်သူအများစုမှာ ရာသီဥတုနဲ့ ပိုးမွှားတွေကြောင့် အရည်ပြားရောဂါတွေဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်နဲ့ လက်နက်ကြီးပစ်ကူ အဆမတန်ယူပြီး မြေပြင်အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်ထန်နေပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးတွေလည်း မြင့်တက်နေပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်း-ကယားနယ်စပ်နဲ့ ကယား(ကရင်နီ)ပြည်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေး အင်အားစုတွေထဲက ၇၅၉ ယောက် စစ်ကောင်စီတပ်က ၃၈၀၈ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီအင်အားစုက ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013