Home
မြန်မာသတင်း
CDM နိုင်ငံ့ဝန်ထမ်းဥပဒေအပေါ်  ထားဝယ်ခရိုင် သပိတ်ကော်မတီ ကန့်ကွက် 
DVB
·
June 18, 2025

CRPH ရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေအပေါ် ကန့်ကွက်ကြောင်း ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဇွန် ၁၆ ရက်မှာ သဘောထားထုတ်ပြန်ထားပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုက ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအန်တုမှု နည်းလမ်းနဲ့ ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတရပ် ဖြစ်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်း တဦးစီကို ကြိုဆိုဂုဏ်ယူကြောင်း DDMSC ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါဥပဒေမှာ ပြဋ္ဌာန်းချက်အရ CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်း မဖြစ်မနေ ပါဝင်ရမယ့် အာဏာသုံး ဖိအားပေးတဲ့ သဘောသက်ရောက်နေတဲ့အပြင် အချိန်ကာလသတ်မှတ်ပြီး CDM ဝန်ထမ်း ဖြစ်၊ မဖြစ် ဘောင်ခတ်ဆုံးဖြတ်မှုတွေဟာလည်း CDM လှုပ်ရှားမှုရဲ့ အနှစ်သာရ အခြေခံသဘောတရား၊ စံတန်ဖိုးများနဲ့ ကွဲလွဲနေတယ်လို့ DDMSC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DDMCS မှ တာဝန်ရှိသူတဦးက “CDM ဝန်ထမ်းတွေကို ဥပဒေအရ ကာကွယ်ပေးထားတယ်လို့ ပြောပေမဲ့ CDM ဝန်ထမ်းတွေကို မကာကွယ်ပေးနိုင်ရင် အဲဒီအစိုးရကို CDM ဝန်ထမ်းတွေက တရားစွဲဆိုပိုင်ခွင့်ရှိဖို့ လိုတယ်။ အပြစ်ပေး အရေးယူတဲ့အပိုင်းမှာလည်း သူတို့စိတ်ကြိုက် လိုသလို အပြစ်ပေး အရေးယူတဲ့ အပိုင်းမျိုး ဖြစ်တယ်။ ဒီဥပဒေမထုတ်ခင်တုန်းကလည်း မြေပြင်မှာ Non CDM ဖြစ်ရုံနဲ့ အကျပ်အတည်းတွေကို မစဥ်းစားဘဲ လိုသလို ဖမ်းဆီး အပြစ်ပေးနေတာမျိုးတွေ တွေ့ရတယ်။ လူတယောက်ရဲ့ အာဏာဖီဆန်တယ် ဆိုတာက မွေးရာပါအခွင့်အရေးဖြစ်ပြီး အာဏာမဖီဆန်လို့ ဖမ်းဆီး အရေးယူရတာဟာ တရားမျှတမှုမရှိတဲ့ ဥပဒေဖြစ်တယ်”လို့ ပြောပါတယ်။

CDM လှုပ်ရှားမှုဟာ တဦးတယောက်၊ အစုအဖွဲ့ တခုခုရဲ့ အာဏာသုံး ဖိအားပေးမှုကြောင့် ပါဝင်ရတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု မဟုတ်ဘဲ မိမိရဲ့ လေးနက်တဲ့ ခံယူချက်၊ စိတ်ဆန္ဒသဘောထားအရ ပါဝင်လှုပ်ရှားတဲ့ နိုင်ငံရေးအန်တုမှုနည်းလမ်းတခု ဖြစ်ပြီး CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ ရွေးချယ်မှုဟာလည်း လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းတန်ဖိုးတွေအရ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးဖြစ်တယ်လို့ DDMSC က ဆိုပါတယ်။

CDM မလုပ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေကို လိုအပ်သလို အပြစ်ပေး အရေးယူတဲ့ သဘော သက်ရောက်နေတဲ့ အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး CDM လှုပ်ရှားမှုမှာ မပါဝင်နိုင်သေးတဲ့ ဝန်ထမ်းတွေကို မတရားဖမ်းဆီး အပြစ်ပေးမှုတွေ ကျူးလွန်လာမှာကို စိုးရိမ်ကြောင်းလည်း  DDMSC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013