Home
နိုင်ငံတကာ
ပြင်သစ်တက္ကစီယာဉ်မောင်းများ အဝေးပြေးလမ်းကို ပိတ်ဆို့ဆန္ဒပြ 
DVB
·
June 13, 2025
Photo :Reuters

ပြင်သစ်နိုင်ငံတဝန်းက တက္ကစီယာဉ်မောင်းတွေဟာ မြို့တော် ပါရီမှာ ဇွန် ၁၁ ရက်က စုဝေးပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အဓိကအဝေးပြေးကားလမ်းတွေကို ပိတ်ဆို့ ခဲ့ပါတယ်။

လူနာတွေကို ပို့ပေးဖို့အခကြေးငွေကို ဘယ်လိုတွက်ချက်မလဲဆိုတဲ့ အပြောင်းအလဲဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ခြိမ်းခြောက်နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ 

မေ ၁၉ ရက်က စတဲ့ ဆန္ဒပြပွဲမှာ မြို့တော်တောင်ဘက်ကို ဦးတည်နေတဲ့ A6 ကားလမ်းကို ရာချီတဲ့ တက္ကစီကားတွေက ပိတ်ဆို့ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနဆီ ရောက်ဖို့ ရည်မှန်းထားပါတယ်။

အငှားယာဉ် စီးနင်းခအတွက် ပြင်သစ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအာမခံလုပ်ငန်းကနေ စျေးနှုန်းသတ်မှတ်ပြီး ပြန်ပေးချေတဲ့ စနစ်အသစ်ကို ဆန္ဒပြသူတွေက ဆန့်ကျင်ကန့်ကွက်ကြတာပါ။

ဒီစနစ်သစ်ဟာ သူတို့ရဲ့ ၀င်ငွေကို သိသိသာသာ လျော့ကျစေမယ်လို့ တက္ကစီယာဉ်မောင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရနဲ့ တက္ကစီသမဂ္ဂတွေအကြား ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှု မရခဲ့ဘဲ တင်းမာမှုတွေ ဆက်မြင့်နေပါတယ်။

၃၂ နှစ်ကြာ တက္ကစီမောင်းခဲ့သူ ဗလေရီ ဘွန်နေက ဆန္ဒပြဖို့ ဘရစ်တနေးမြို့ကနေ လာခဲ့တာပါ။ ဒီစနစ်သစ်က သူ့ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်လို့ ပြောပါတယ်။

တက္ကစီမောင်းသမား ဘွန်နေက"အောက်တိုဘာလမှာ သဘောတူညီချက်ရရင်၊ ငါတို့ကုမ္ပဏီတွေ ရောင်းရလိမ့်မယ်။ သူတို့ဟာ တန်ဖိုးမရှိသလို၊ ဝန်ထမ်းတွေ အလုပ်ထုတ်ခံရမယ်။ ငါတို့ရဲ့ အသက်မွေးဝမ်းကြောင်းတွေလည်း ဒီအတိုင်းပဲ အဆုံးသတ် သွားလိမ့်မယ်”လို့ ဘွန်နေက ပြောပါတယ်။

အဆိုပြုထားတဲ့ စနစ်အောက်မှာ အခြေခံစျေးနှုန်း ၁၃ ယူရိုထဲကို တစ်ကီလိုမီတာအတွက် အပိုကောက်ခံမှုတွေကို ထည့်သွင်းပေးမှာပါ။ 

ယာဉ်မောင်းတွေက ဒီပုံစံဟာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဲ့ စစ်မှန်တဲ့ ကုန်ကျစရိတ်တွေကို မထင်ဟပ်ဘူးလို့ ငြင်းခုံ ထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေဟာ ဖိအားတွေ အောက်မှာရှိနေတဲ့ ကဏ္ဍတခုကို ဖျက်စီးပစ်နိုင်တယ်လို့ သတိပေးရင်း နိုင်ငံတဝန်းက ထောင်နဲ့ချီတဲ့ ယာဉ်မောင်းတွေကို ဒီလှုပ်ရှားမှုက စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013