တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုရွာကို စစ်ကောင်စီတပ်က နေ့စဥ်နီးပါး ဒရုန်းနဲ့ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂ ရက်လောက်က ပုလောမြို့နယ်၊ တပိုရွာဆီ လက်နက်ကြီးပစ်ကူနဲ့အတူ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က တိုက်ခိုက်ခံရပြီးနောက် တပိုရွာထဲကို ဇွန် ၂ ရက်ကစပြီး ဇွန် ၁၀ ရက်အထိ နေ့စဥ်နီးပါး ဒရုန်းနဲ့ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ရက်တိုင်းနီးပါး ဒရုန်းနဲ့ လာကြဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဗုံးသီးတွေက လက်လုပ်ဗုံးသီးတွေ၊ ၁၂၀ ဗုံးသီးတွေ ပါတယ်။ တရက်အနည်းဆုံး ၄ လုံး လာကြဲတယ်။ ၈ ရက်နေ့မှာတော့ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး လာကြဲတယ်”လို့ ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့မှာ စစ်ကောင်စီဘက်က တပိုရွာကို ဒရုန်းဗုံးသီး ၆ လုံး တကြိမ်၊ ၄ လုံး တကြိမ် လာကြဲတာကြောင့် အရပ်သား နေအိမ်တလုံး ပျက်စီးခဲ့ပြီး ကျန်ရက်တွေမှာတော့ ထိခိုက်မှု တစုံတရာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက မီးလောင်ချောင်းရွာထိပ်မှ တပိုရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကြဲရွာနဲ့ ပါဒစက်တော်ရွာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မြိတ်အခြေစိုက် ခလရ ၁၀၁၊ ခလရ ၁၀၃၊ ခလရ ၁၇ နဲ့ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။