စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဇွန် ၉ ရက်က စတင်ကာ ၁၁ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်အများစု နေထိုင်စားသာက်ရေး အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို မိုးရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ အိမ် ၁၀ လုံးလည်း ချောင်းရေတိုက်စားပြီး မျောပါသွးတယ်လို့ ဆိုပါတယ်။
ရွှေဘို တော်လှန်ရေးခေါင်းဆောင် ကိုရှမ်းကြီးက “စစ်ဘေးရှောင်တွေ မိုးရွာလို့ ဒုက္ခရောက်နေတာ။ ချောင်းရေကလည်း ကြီးတော့ သူတို့နေထိုင်စားသာက်ဖို့ရာ အတော်လေးကို အဆင်မပြေဖြစ်နေရတယ်။ သူတို့အနေနဲ့ ပုံမှန်နေထိုင်တဲ့ရွာကနေ ထွက်ပြေးလာရပြီး ယာယီတဲအိမ်လေးတွေဆောက်ပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်စားသောက် နေရတဲ့သူတွေပါဗျ။ အိမ်ထောင်စုအနေနဲ့က ၈၀ ကျော်ရှိမယ်ဗျ။ လူဦးရေအနေနဲ့က ၅၀၀ ၀န်းကျင် ရှိလိမ့်မယ်ထင်တယ်။ ကူညီနိုင်သူတွေအနေနဲ့ ကူညီမှုတွေ ပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” လို့ ပြောပါတယ်။
စစ်ဘေးရှောင် အမျိုးသမီးတယောက်က “ကျမတို့မှာ ရွာတွေပစ်ပြီး လက်ဗလာနဲ့ ထွက်ပြေးလာခဲ့ရတာ ကြာနေပြီ။ ဆင်းရဲဒုက္ခတွေကတော့ အများကြီးပါပဲ။ အခုလတ်တလောကတော့ မိုးရွာလို့ ရေကြီးပြီး ဘာမှအလုပ်မလုပ်ရဘူး။ နေထိုင်ဖို့ကလည်း အဆင်မပြေသလို စားဖို့ရာလည်း ဆန်မရှိဖြစ်နေကြရတယ်။ အခုတောင် ပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့တဖွဲ့က လာကူညီပေးနေလို့ အခုလို ထမင်းစားနေကြရတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်မှာရှိတဲ့ အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို အဆက်မပြတ် ကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့အတွက် အိုးဘို၊ ကင်းဗြား၊ ချီပါ စတဲ့ကျေးရွာတွေ အပါအဝင် တခြားက စစ်တပ်အထိုင်စခန်းအနီးက ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။