Home
မြန်မာသတင်း
လောင်စာဆီဈေးထိန်းရန် စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာ ၃၂ သန်း ထပ်ရောင်းမည်
DVB
·
June 11, 2025

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇွန်လအတွင်း ဒုတိယအကြိမ်အဖြစ် စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းကို နိုင်ငံခြားငွေဈေးကွက် (FX Trading Platform) ကတဆင့် ထပ်မံရောင်းချသွားမှာဖြစ်ကြောင်း ထုတ်ပြန် ကြေညာပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ ဇွန် ၄ ရက်ကလည်း စက်သုံးဆီကဏ္ဍအတွက် ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ပြောကြားချက်အရ အခုလို နိုင်ငံခြားငွေ ထုတ်ရောင်းချမှုတွေက စက်သုံးဆီဈေး တည်ငြိမ်ဖို့နဲ့ စက်သုံးဆီဈေး ကြီးမြင့်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

မေလအတွင်းကလည်း ဗဟိုဘဏ်က ကြေညာချက် ၃ ကြိမ် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၈၆ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၂၅၀ ခန့်ကို ရောင်းချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုနဲ့အတူ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထုတ်ရောင်းမှုတွေကြောင့် မြန်မာပြည်တွင်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေကတော့ ဧပြီလလယ်ပိုင်းက စတင်ကာ တဖြည်းဖြည်း ပြန်လည်လျော့နည်းလာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက တလီတာကို ကျပ် ၃,၀၀၀ အထက်ရှိခဲ့တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေဟာ အခု ဇွန် ၁၁ ရက် ပေါက်ဈေးအရ 92 Octane တလီတာကို ကျပ် ၂,၈၄၅၊ 95 Octane က ကျပ် ၂,၈၉၅၊ ဒီဇယ်က ကျပ် ၂,၃၇၅ နဲ့ အဆင့်မြင့်ဒီဇယ်က ၂,၉၅၀ ကျပ် အသီးသီးရှိပါတယ်။

လတ်တလောအခြေအနေအရ စင်ကာပူ (MOPS) နဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းဈေးနှုန်းတွေ တက်ရိပ်ပြနေပေမဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေထုတ်ရောင်းမှုတွေကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေကတော့ နှစ်ပတ်ဆက်တိုက် လျော့နည်းလာတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013