Home
နိုင်ငံတကာ
ဆူဒန်မြို့တော်တောင်ပိုင်းတွင် အငတ်ဘေးအန္တရာယ်ရှိနေဟု WFP ပြော
DVB
·
June 11, 2025
Photo: Reuters

ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မ်ရဲ့ တောင်ဘက် ဒေသအများအပြားမှာ အငတ်ဘေးအန္တရာယ် ရှိနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇွန် ၁၀ ရက်မှာ ပြောကြားခဲ့ပြီး စစ်ဘေးဒဏ်သင့် ဆူဒန်ဒေသတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ရေး ရန်ပုံငွေ ပြတ်လပ်နေတဲ့ကြားမှာပဲ မြေပြင်ပေါ်မှာ လိုအပ်ချက်တွေဟာ ရရှိနိုင်တဲ့ အရင်းအမြစ်တွေထက် ကျော်လွန်နေပါတယ်။

“ငတ်မွတ်မှုနဲ့ မွဲတေခေါင်းပါးမှုအဆင့်နဲ့ တွေ့ရှိခဲ့ရတဲ့ မျှော်လင့်ချက်မဲ့ အခြေအနေတွေက ပြင်းထန်ပြီး အဲဒီဧရိယာတွေက အငတ်ဘေးအန္တရာယ်ကိုလည်း အတည်ပြုနိုင်ပါတယ်” လို့ ဆူဒန်ရှိ WFP ဌာနေဒါရိုက်တာ လောရန့်ထ် ဘူကီရာက ပို့ထ်ဆူဒန်မြို့ကနေ ဗီဒီယိုလင့်ကတဆင့် ဂျီနီဗာရှိ သတင်းထောက်တွေကို ပြောပါတယ်။

“လိုအပ်ချက်တွေက ကြီးမားပါတယ်။ ပျက်စီးမှုက ကျယ်ပြန့်လွန်းပြီး ရေရှိမှုက အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လျှပ်စစ် လက်လှမ်းမီမှုကလည်း ကန့်သတ်ချက်တွေ ရှိနေပြီး ကာလဝမ်းရောဂါ ဖြစ်ပွားနေပါတယ်။ မြို့ရဲ့ အစိတ်အပိုင်းတွေမှာ အသက်ပြန်ရှင်လာပေမဲ့ တစ္ဆေမြို့လိုမျိုး စွန့်ပစ်ခံထားရဆဲ ရပ်ကွက်တော်တော်များများ ရှိတယ်” လို့ ဆိုပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီဟာ မြို့တော်ကို ဝင်ရောက်ခွင့် ရရှိပြီးနောက်မှာ ခါတွန်မ်ရှိ ဒေသ ၇ ခုမှ လူတသန်းဆီ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

RSF က နောက်ဆုံးထိန်းချုပ်တဲ့ ဂျီဘဲလ် အောလိယ ကျေးရွာဟာ အငတ်ဘေးကို ပြင်းပြင်းထန်ထန် ခံစားနေရကြောင်း WFP က အတည်ပြုထားပါတယ်။

စားသောက်ကုန် ဖြန့်ဖြူးမှုထဲမှာ ဆီနဲ့ ပဲမျိုးစုံကို ရိက္ခာလျှော့ချခဲ့ရကြောင်း အေဂျင်စီက ပြောကြားခဲ့ပြီး အလှူရှင်နိုင်ငံတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေကို လျှော့ချလိုက်တာကြောင့် အရေးပေါ် စားနပ်ရိက္ခာနဲ့ ငွေသားအကူအညီအတွက် ဒေါ်လာ သန်း ၅၀၀ ရန်ပုံငွေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

အစားအစာခေါင်းပါးမှု အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ရိက္ခာတွေကို WFP က စံပြုသတ်မှတ်တဲ့ ရိက္ခာပမာဏရဲ့ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရကြောင်း WFP က ဧပြီလမှာ ပြောကြားခဲ့ပါတယ်။

WFP ဟာ လက်ရှိမှာ ဆူဒန်နိုင်ငံတဝန်းရှိ လူ ၄ သန်းကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013