
ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားများတပ်ဖွဲ့ (P.S.F) တို့က ရှမ်းပြည်တောင်ပိုင်းမှာ စစ်ရေးတွေ အတူတကွ ဆောင်ရွက်ခဲ့ကြတာရှိပြီး ဇွန် ၈ ရက်မှာတော့ P.S.F အဖွဲ့ တာဝန်ခံ ဗိုလ်မီးခဲ လုပ်ကြံခံလိုက်ရတာကြောင့် ဝမ်းနည်းမိတယ်လို့ DSNDA အဖွဲ့က ဇွန် ၁၀ ရက်မှာ ဆိုပါတယ်။
ဇွန် ၇ ရက် ည ၁၂ နာရီကျော်မှာ ဗိုလ်မီးခဲက နေမကောင်းဖြစ်နေတဲ့ ရှေ့တန်းက ရဲဘော်ကို သွားကြိုပေးရာမှာ နောက်ကနေ ဓားနဲ့ထိုးခံလိုက်ရပြီး ၈ ရက်နေ့ မနက် ၅ နာရီမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
DSNDA တာဝန်ရှိသူက “DSNDA ညီနောင်အဖွဲ့အစည်းလို့ ပြောလည်း ရတာပေါ့နော်။ နေမကောင်းဖြစ်နေတဲ့ ရှေ့ကင်းကရဲဘော်ကို သွားကြိုပေးရာမှာ ရှေ့ကနေ ဆိုင်ကယ်မောင်းလာချိန် အတက်မှာ နောက်က ဓားနဲ့ထိုးသွားတာပါ။ သူ့ရဲ့အဖွဲ့ထဲ ဝင်ရောက်လာတာ မကြာသေးတဲ့ သူတယောက်ကပါ” လို့ ပြောပါတယ်။
ဓားနဲ့ထိုးခံလိုက်ရတဲ့အတွက် P.S.F အဖွဲ့ တာဝန်ခံ ကျဆုံးသွားခဲ့ရပြီး တရားခံကတော့ လွတ်မြောက်နေတာကြောင့် စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
P.S.F အဖွဲ့ကို တည်ထောင်ထားတာ မကြာသေးပေမဲ့ အဖွဲ့မတည်ထောင်ခင်ကတည်းက DSNDA နဲ့ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေရှိပြီး သဟဇာတကျကျ စီစဥ်ဆောင်ရွက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဗိုလ်မီးခဲက တော်လှန်ရေးကာလတလျှောက်မှာ တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အားစိုက်ထုတ်ပြီး ကြိုးစားပေးသူတယောက်ဖြစ်လို့ လုပ်ကြံခံရမှုအတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။