Home
နိုင်ငံတကာ
လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး ၄၀၀ ရာခိုင်နှုန်း တိုးမြှင့်ရန် လိုအပ်ဟု NATO ပြော
DVB
·
June 10, 2025
Photo: REUTERS/Yves Herman

NATO စစ်ရေးမဟာမိတ်အဖွဲ့အတွက် ယုံကြည်ရလောက်တဲ့ အဟန့်အတားနဲ့ ကာကွယ်ရေးကို ထိန်းသိမ်းဖို့ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးကို ၄၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ လိုအပ်ကြောင်း NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ဇွန် ၉ ရက်က လန်ဒန်မှာ ပြောကြားလိုက်ပြီး ဒါဟာ ဒီလကုန် NATO ထိပ်သီးအစည်းအဝေးမှာ ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာတခုလည်း ဖြစ်ပါတယ်။

ရူတေဟာ ကာကွယ်ရေးအသုံးစရိတ်ကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်း စုစုပေါင်းထုတ်လုပ်မှု (GDP) ရဲ့ ‌၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ် မြှင့်ပေးဖို့နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တောင်းဆိုထားတဲ့ ၅ ရာခိုင်နှုန်း ရည်မှန်းချက်ကို ပြည့်မီစေဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ လုံခြုံရေးဆိုင်ရာ တခြားအသုံးစရိတ်တွေအတွက်လည်း နောက်ထပ် ၁ ဒသမ ၅ ရာခိုင်နှုန်းကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

အရင်လကတော့ ရူတေဟာ ဇွန် ၂၄–၂၅ ရက်တွေမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ အဲဒီရည်မှန်းချက်ကို သဘောတူညီမယ်လို့ ယူဆထားကြောင်း ပြောပါတယ်။

“အမှန်တော့ ကျနော်တို့ရဲ့ ပူးပေါင်းကာကွယ်ရေးစနစ်အတွက် ရုတ်တရက် ကြီးကြီးမားမား တိုးတက်ပြောင်းလဲမှုတရပ်ကို လိုအပ်နေပါတယ်။ တကယ်တော့ ကျနော်တို့ရဲ့ ကာကွယ်ရေး အစီအစဉ်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တပ်ဖွဲ့ဝင်တွေနဲ့ စွမ်းရည်တွေ ပိုရှိနေရပါမယ်။ အမှန်က ယူကရိန်းစစ်ပွဲ ပြီးသွားရင်တောင် အန္တရာယ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး” လို့ လန်ဒန်ရှိ နိုင်ငံတကာရေးရာ  တော်ဝင် သုတေသနအဖွဲ့ (ချာသမ်ဟောက်စ်) ရဲ့ အကြံဉာဏ်ပေး သုတေသနအဖွဲ့မှာ ရူတေက မိန့်ခွန်းပြောသွားတာပါ။

“ယူကရိန်းမှာ ရုရှားက ကောင်းကင်ကနေတဆင့် ဘယ်လို ကြောက်စရာတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေလဲ ဆိုတာ မြင်တွေ့နေရတာကြောင့် ကမ္ဘာ့ကောင်းကင်ကို ကာကွယ်ပေးနေတဲ့ ဒိုင်းလွှားကို ပိုမိုအားကောင်းအောင် ပြုလုပ်သွားမှာဖြစ်တယ်” လို့ ရူတေရဲ့ရုံးက သူပြောမယ့် မိန့်ခွန်းထဲက ကောက်နုတ်ချက်ကို ထုတ်ပြန်ထားပါတယ်။

အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတွေ ရှိနေပေမဲ့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ တိုက်ပွဲတွေ လျော့ကျမသွားခဲ့ဘဲ အမေရိကန်သမ္မတ ထရမ့်ပ်က မူဝါဒအပြောင်းအလဲကို အချက်ပြကာ ဒေသတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ တွန်းအားပေးခဲ့ပြီးနောက်မှာ ဥရောပနိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ဖို့ ဖိအားတွေ ရှိနေပါတယ်။ နိုင်ငံအတော်များများကတော့ သူတို့ ဒီလိုလုပ်နေကြောင်း ပြောကြပါတယ်။

ဗြိတိန်နိုင်ငံကတော့ ၂၀၂၇ ခုနှစ်အထိ GDP ရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ ကတိပြုခဲ့ပြီး နောက်ပိုင်းမှာ GDP ရဲ့ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့လည်း ရည်မှန်းထားပါတယ်။

ဂျာမနီကတော့ NATO ပစ်မှတ်အသစ်တွေအောက်မှာ နောက်ထပ် အဆင်သင့်ဖြစ်နေတဲ့ စစ်သည် ၅၀,၀၀၀ မှ ၆၀,၀၀၀ လောက် လိုအပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013