Home
မြန်မာသတင်း
တပတ်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၃၁ ဦးတွေ့၊ ၂ ဆခန့် ပိုများလာ
DVB
·
June 10, 2025

ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ယောက် တွေ့ရပြီး ရှေ့တပတ်ကထက် ၂ ဆလောက် များလာသလို ရန်ကုန်အပြင် တခြားဒေသတွေ ပါလာတယ်လို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇွန် ၁ ရက် ည ၈ နာရီကနေ ဇွန် ၈ ရက် ည ၈ နာရီအထိ တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၁၅၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ယောက် တွေ့ရတယ်လို့ ဇွန် ၉ ရက် ညမှာ ထုတ်ပြန်လာပါတယ်။

ဇွန် ၁ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ပိုးတွေ့သူ ၁၇ ယောက်၊ ပိုးတွေ့နှုန်း ၀ ဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး အခုအပတ်မှာတော့ ပိုးတွေ့နှုန်းက ၁ ဒသမ ၄၄ အထိ မြင့်တက်လာပါတယ်။

လူနာတွေ့ရတာကတော့ ရန်ကုန်တိုင်း၊ ကမာရွတ်၊ တာမွေ၊ တိုက်ကြီး၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ဒေါပုံ၊ ပန်းပဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ သာကေတနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့က ၁ ယောက်စီဖြစ်လို့ ရန်ကုန်တိုင်းထဲမှာ ၁၅ ယောက်တွေ့တယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနက ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးတော့ ရှမ်းပြည်နယ် တာချီလိတ်မှာ ၁၃ ယောက်၊ ကရင်ပြည်နယ် ဘားအံမှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း ကျွန်းလှမှာ ၁ ယောက်၊ မွန်ပြည်နယ် ကျိုက်ထိုမှာ ၁ ယောက် တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်အထိ  ပိုးတွေ့သူစုစုပေါင်း ၆၄၃,၂၈၇ ယောက်၊  သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမှာတော့ မေလ နောက်ဆုံးပတ်မှာပဲ  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆ သောင်းခွဲကျော်ရှိပြီး ၃ ယောက်သေတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာဟာ ကမ္ဘာတဝန်းလုံးမှာ၊ အထူးသဖြင့် အရှေ့ပိုင်းမြေထဲပင်လယ်ဒေသမှာ တိုးလာနေပေမယ့် ဒါဟာ ပြီးခဲ့တဲ့နှစ်ကလိုပဲမို့ သိပ်ပြီးတော့ မထူးခြားဘူးလို့ ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013