Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်ကလေးများအတွက် လူးဝစ်ဒီယက်စ်နှင့် လီဗာပူး ဂန္ထဝင်များ၏ ဂျာစီများကို လေလံတင်မည်
DVB
·
June 9, 2025

စစ်ကိုင်းနှင့် မန္တလေးရှိ ငလျင်ဒဏ်သင့်ဒေသမှ မူလတန်းကျောင်းသား၊ ကျောင်းသူတွေအတွက် အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ လီဗာပူးအသင်းက လူးဝစ်ဒီယက်စ် လက်မှတ်ပါ ဂျာစီနဲ့ ဂန္ထဝင်ကစားသမားတွေရဲ့ လက်မှတ်ပါဂျာစီကို လေလံတင်ရောင်းချပေးသွားမယ်လို့ OLSC Myanmar ဆီက သိရပါတယ်။

ငလျင်ဘေးသင့်ဒေသတွေက မူလတန်းကျောင်းသား၊ ကျောင်းသူတွေကို OLSC Myanmar က လှူဒါန်းနိုင်ဖို့ လီပါပူးအသင်းမှာ လက်ရှိ ကစားနေတဲ့ လူးဝစ်ဒီယက်စ် လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို လေလံတင်မယ့်အပြင် ၂၀၀၁ ခုနှစ်က ဖလား ၅ လုံးရ လီဗာပူးအသင်း ဂန္ထဝင်တွေဖြစ်ကြတဲ့ ရော်ဘီဖောင်လာ၊ လူးဝစ်ဂါစီယာ၊ ဂျွန်အာနေရီဆီ တို့ရဲ့ လက်မှတ်ပါ ဂျာစီ ၃ ထည်ကိုလည်း လေလံတင် ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

OLSC ရဲ့ မန်ဘာဝင်ဝင်တယောက်က “ငလျင်ဘေးနဲ့ပတ်သက်ပြီး စဖြစ်ဖြစ်ချင်းကတည်းက ကျနော်တို့ လှူဖို့ စီစဉ်ကြတာပေါ့။ အဲဒါနဲ့ လီဗာပူး ဖောင်ဒေးရှင်းဘက်ကို ဆက်သွယ်ပြီးတော့ ကစားသမားလက်မှတ်တောင်းတော့ လူးဝစ်ဒီယက်စ် လက်မှတ်ပါတဲ့ အင်္ကျီလေး ပြန်ပို့ပေးတယ်ပေါ့။ နောက်ပြီးတော့ လီဗာပူး ဖန်တယောက်ကလည်း သူ့ဆီမှာရှိတဲ့ ဖောင်လာ၊ ဂါစီယာ၊ ရီဆေး တို့လက်မှတ်ပါတဲ့ အင်္ကျီကို ပြန်လှူတယ်။ လေလံထဲမှာ ထည့်သွင်းလို့ရအောင်လို့ ဆိုပြီးတော့ပေါ့” လို့ DVB ကိုပြောပါတယ်။

OLSC က မူလတန်းကျောင်းသားတယောက်ကို တနှစ်စာ ပညာသင်နှစ်အတွက် လိုအပ်တဲ့ စာရေးကိရိယာတွေ လွယ်အိတ်၊ ကျောင်းဝတ်စုံတွေ ဝယ်ယူနိုင်ဖို့ ကျပ်ငွေ ၂၀၀,၀၀၀ လှူဒါန်းဖို့ လျာထားတယ်လို့ ဆိုပါတယ်။

“အဲဒီထက် ပိုများရင်များသလို ကလေးဦးရေ များသွားမှာပေါ့။ လောလောဆယ် လျာထားတာပေါ့။ လီဗာပူးပရိသတ်တွေအနေနဲ့ ဒီလေလံမှာ ပါဝင်ပေးကြဖို့တော့ ပြောချင်တယ်ဗျာ” လို့ သူက ဆက်ပြောပါတယ်။

လူးဝစ်ဒီယက်စ်ရဲ့လက်မှတ်ပါ ဂျာစီကို မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၀ ယောက်စာအတွက် ကြမ်းခင်းဈေး သိန်း ၂၀ သတ်မှတ်ထားပြီး လူးဝစ်ဂါစီယာနဲ့ ဂျွန်အာနေရီဆေး လက်မှတ်ပါ ဂျာစီ ၂ စုံ ပူးတွဲကိုတော့ မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၀ ယောက်စာအတွက် ကြမ်းခင်းဈေး ၁၀ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လီဗာပူးအသင်း အားပေးသူ ကိုထက်နိုင်က “အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက စပါးအသင်းဘက်က ဒီလိုလုပ်တာကို တွေ့လိုက်တော့ ကျနော်တို့ အသင်းကလည်း ကူညီရင်ကောင်းမှာပဲ တွေးခဲ့မိပါသေးတယ်။ ကစားသမား လက်မှတ်ပါတဲ့ ဂျာစီ ဆိုတာ ရဖို့လွယ်ကူတာ မဟုတ်ပါဘူး။ အသင်းကိုလည်း ကျေးဇူးတင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ရော်ဘီဖောင်လာ လက်မှတ်ပါ ဂျာစီကိုတော့ လေလံတင်မှာမဟုတ်ဘဲ ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပြီးတော့ ကံစမ်းမဲတစောင်ကို ကျပ်ငွေ ၅,၀၀၀ နှုန်းဖြစ်တယ်လို့ သိရပါတယ်။

လေလံအတွက် နောက်ဆုံးနေ့ဟာ ဇွန် ၂၀ ရက်နေ့ ည ၁၂ နာရီဖြစ်ပြီး ရော်ဘီဖောင်လာ ဂျာစီ ကံစမ်းမဲကိုတော့ ဇွန် ၂၂ ရက် နေ့လယ် ၁ နာရီမှာ မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

မင်းဆက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013