
စစ်ကောင်စီက ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာက ပေးပို့တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးပြုနေတဲ့အပေါ် ရပ်တန့်ပေးဖို့ “(STOP WoA) - လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှုရပ်” အမည်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် လူပေါင်း ၄,၄၀၀ ကျော် သေဆုံးခဲ့ပြီး ၁၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတကာ အစိုးရတွေ၊ အာဆီယံနိုင်ငံတွေနဲ့ အရပ်ဘက် ကူညီရေး အဖွဲ့အစည်းတွေက အကူအညီတွေ ပေးအပ်ခဲ့ပေမဲ့ အကူအညီလိုအပ်တဲ့ ပြည်သူတွေဆီ ညီတူမျှတူ မရရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက နိုင်ငံတကာ အကူအညီတွေကို ပြည်သူတွေဆီ ပေးပို့မယ့်အစား လေကြောင်းတိုက်ခိုက်မှုတွေသာ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်အရေးပေါ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၄၁၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာအစိုးရနဲ့ အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ စစ်ကောင်စီဆီကနေ အကူအညီတွေ ပေးပို့နေမယ့်အစား နယ်စပ်ဒေသကတဆင့် မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက် ထောက်ပံ့ပေးမှသာ ပြည်သူတွေဆီ အကူအညီတွေ ရောက်ရှိမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး လက်နက်အဖြစ် အလွဲသုံးစားလုပ် အမြတ်ထုတ်ခြင်းတွေကို တားဆီးကာကွယ်ဖို့၊ ငလျင်ဘေးသင့် ပြည်သူတွေထံ အကူအညီတွေ တိုက်ရိုက်ရောက်ရှိစေဖို့၊ လူသားချင်းစာနာ အကူအညီတွေကို လက်နက်သဖွယ် အသုံးချခံရမှုမှ ရပ်တန့်စေမယ့် နည်းလမ်းတွေကို လုပ်ဆောင်ဖို့ စတဲ့ အချက်တွေကို သွေးစွန်းငွေအဖွဲ့ Blood Money Campaign က တောင်းဆိုလိုက်ပါတယ်။