
တီဟီရန်ဟာ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံက ဇွန် ၃ ရက်မှာ ပြောပါတယ်။
အီရန်ရဲ့ သိပ္ပံနည်းပညာ၊ ကျွမ်းကျင်မှုနဲ့ နျူကလီးယား အခွင့်အရေးတွေကို ဘယ်လိုနည်းနဲ့မှ အလျှော့ပေး သဘောတူမှာ မဟုတ်ဘူးလို့ သမ္မတ ပေဇက်ရှ်ကီယံက နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
ဆယ်စုနှစ်ချီကြာ နျူကလီးယား အငြင်းပွားမှုကို အဆုံးသတ်ဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က ပယ်ချဖို့ အသင့်ပဲလို့ အီရန်စေ့စပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ အကြီးတန်း အီရန်သံတမန် တယောက်က ပြောပါတယ်။
အဲဒီအဆိုပြုချက်ဟာ တီဟီရန်ရဲ့ အကျိုးစီးပွားတွေကို ဖြေရှင်းဖို့ ဒါမှမဟုတ် ယူရေနီယံ တိုးမြှင့်ခြင်း နည်းပညာလုပ်ငန်းစဉ်အပေါ် ဝါရှင်တန်ရဲ့ ရပ်တည်ချက်ကို ပျော့ပျောင်းစေဖို့တွေကို မလုပ်ဆောင်နိုင်ရင် အစတောင် မပြုသင့်တဲ့ကိစ္စအဖြစ် ပယ်ချထားတယ်လို့ ဆိုပါတယ်။
တီဟီရန်နဲ့ ဝါရှင်တန်ကြား ညှိနှိုင်းဆွေးနွေးပွဲတွေကို လုပ်ဆောင်နေတဲ့ အိုမန် နိုင်ငံခြားရေးဝန်ကြီး ဆေယစ်ဒ်ဘာဒါအယ်လ်ဘူဆိုင်ဒီက နျူကလီးယား သဘောတူညီချက်အသစ်အတွက် အမေရိကန် အဆိုပြုချက်ကို စနေနေ့မှာ အီရန်ကို တင်ပြခဲ့တာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ်အရက်ခ်ချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်တ်ကော့ဖ်တို့ ၅ ကြိမ်မြောက် ဆွေးနွေးပြီးနောက်မှာ အတားအဆီးများစွာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီထဲမှာ ယူရေနီယံတိုးမြှင့်မှုကို ဖျက်သိမ်းဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို အီရန်က ပယ်ချခဲ့ပြီး နျူကလီးယားဗုံးတွေ လုပ်နိုင်ခြေရှိတဲ့ အဆင့်မြင့် ချက်လုပ်တိုးမြှင့်ပြီးသား ယူရေနီယံကုန်ကြမ်း သိုလှောင်ထားရှိမှုတခုလုံးကို ပြည်ပကို ပို့ဖို့ကိုလည်း ငြင်းဆန်ထားပါတယ်။
အီရန်က နျူကလီးယားနည်းပညာကို ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ပိုင်ပိုင်နိုင်နိုင် အသုံးချလိုကြောင်း တီဟီရန်က ပြောကြားခဲ့ပြီး နျူလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ စွပ်စွဲမှုတွေကိုလည်း ကာလရှည်ကြာ ငြင်းဆိုထားပါတယ်။
Source: Reuters