စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ၊ လေရှီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုတာကြောင့် ပျက်စီးသွားတဲ့လမ်းတွေကို ပြုပြင်ဖို့ စက်ပစ္စည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂဒေသမှာ မေ ၂၄ ရက်ကနေ ၃၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သွားလာရေး အဓိကလမ်း ၃ လမ်းနဲ့ နယ်စပ်လမ်းတွေ မြေပြိုတာကြောင့် ပျက်စီးသွားခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “ဆွမ္မရာနယ်စပ် တဇုန်းလမ်းတော့ ဒေသခံ ကိုယ်ထူကိုယ်ထ စပြင်နေပြီ။ လက်ရှိ နယ်စပ်ကနေ လူသုံးကုန် စက်သုံးဆီ ဝယ်ယူအသုံးပြုနေရတယ်။ ပြည်တွင်းပစ္စည်းက သိပ်မရောက်တော့ဘူး၊ တောင်ပေါ်ဒေသဖြစ်တော့၊ ဖြစ်နိုင်ရင် မိုးတွင်းကာလရောက်ရင် မြို့နယ်မှာ စက်အကောင်း အဆင်သင့်ရှိဖို့လိုတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ လမ်းတချို့ကို ဘတ်ဖိုးအသေးတွေနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်နေရတာကြောင့် သွားလာရေး အခက်ခဲဖြစ်နေပြီး ဆိုင်ကယ်လမ်းတောင် သွားမရဘူးလို့ သိရပါတယ်။
လမ်းတွေပြုပြင်နိုင်ဖို့ စက်အကြီးတွေ လိုအပ်နေပြီး စက်အကြီးငှားဖို့ ရန်ပုံငွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
နာဂဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေအောက်ရေ တိုက်စားတာကြောင့် နေအိမ် ၁၀ အိမ်ထက်မနည်း ပျက်စီးခဲ့ပြီး မြေပြိုတာကြောင့် လေရှီးမြို့နယ်မှာ ၄ အိမ်နဲ့ အမိမီရွာက တအိမ် ပြိုကျ ပျက်စီးခဲ့ပါတယ်။
နေအိမ်ပြိုကျပျက်စီးတဲ့ မိသားစုဝင်တွေက အခုလက်ရှိအချိန်မှာ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။