
ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများအဖွဲ့ (OPEC) နဲ့ မဟာမိတ်တွေ စုပေါင်းထားတဲ့ OPEC+ လို့ ခေါ်တဲ့အဖွဲ့က ရေနံထုတ်လုပ်မှုကို ဇူလိုင်လမှာ တရက်ကို ရေနံစိမ်း စည်ပေါင်း ၄၁၁,၀၀၀ အထိ ပိုတိုးမြှင့်မယ်လို့ ကြေညာလိုက်ပါတယ်။
ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနဲ့ အိုမန်နိုင်ငံတို့ အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အခြေအနေနဲ့ အလားအလာတွေကို အကဲဖြတ်တဲ့ အွန်လိုင်းအစည်းအဝေးတရပ်မှာ OPEC က ဆုံးဖြတ်ချက်ချခဲ့တာပါ။
OPEC+ နိုင်ငံတွေဟာ လတ်တလောမှာ အထွက်နှုန်းလျှော့ချမှု အလွှာကို ဖြည်းဖြည်းချင်း ဖြေလျှော့မယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဇူလိုင်လမှာ ထုတ်လုပ်မှု တရက်ကို ရေနံစိမ်းစည်ပေါင်း ၁၃၄,၀၀၀ ထိ ထပ်မြှင့်တင်ဖို့ မူလက စီစဉ်ထားတာပါ။
ဒါပေမဲ့ အဖွဲ့က တည်ငြိမ်တဲ့ ကမ္ဘာ့စီးပွားရေးအမြင်နဲ့ လက်ရှိ ကောင်းမွန်တဲ့ ရေနံသိုလှောင်မှုမှာ ထင်ဟပ်ထားတဲ့အတိုင်း၊ လက်ရှိ ကောင်းမွန်တဲ့ ဈေးကွက်အခြေခံအချက်တွေကို ကိုးကားပြီး မဟာဗျူဟာကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
ဈေးကွက်အခြေအနေ အပြောင်းအလဲတွေအပေါ် မူတည်ပြီး ရေနံထုတ်နှုန်းတိုးတာကို ခဏရပ်တာ ဒါမှမဟုတ် ပြန်လျှော့တာတွေ လုပ်နိုင်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကနဦး ကြေညာခဲ့တဲ့ တရက်ကို ရေနံစိမ်းစည် ၂.၂ သန်း ထုတ်လုပ်မှု လျှော့ချတာကို ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် မိတ်ဆက်ခဲ့ပါတယ်။ ထုတ်လုပ်မှု လျှော့ချတာကို အကြိမ်ပေါင်းများစွာ သက်တမ်းတိုးခဲ့ပြီး၊ နောက်ဆုံးအနေနဲ့ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အထိ သက်တမ်းတိုးခဲ့ပါတယ်။
Source: Reuters