ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ ဇွန် ၂ ရက်နေ့ မနက် ၆ နာရီက ရေကြီးရေလျှံနေတာကြောင့် ပြည်သူတွေ ပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနာမြို့ အနိမ့်ပိုင်းနေရာတွေအပြင် မြို့သစ်ကြီး တပ်ကုန်း၊ လယ်ကုန်း၊ မြေမြင့်ရပ်ကွက်တွေပါ ရေကြီးရေလျှံတာ၊ နေအိမ် နစ်မြုပ်တာ၊ လူနေအိမ် ရေစီးနဲ့အတူ မျောပါတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ခံတဦးက “ရေကြီးနစ်မြုပ်တာတွေ ဖြစ်နေတယ်။ ဧရာဝတီမြစ်ရေ တက်လာလို့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေတာ။ မြေနိမ့်ပိုင်းမှာနေတဲ့ သူတွေတင်မကဘူး၊ အမြင့်ပိုင်းက လူတွေပါ ပြောင်းရွှေ့နေကြရတာ” လို့ ပြောပါတယ်။
လယ်ကုန်းရပ်ကွက်က နေအိမ်တွေ အလုံးလိုက် ရေစီးနဲ့ မျောပါနေပြီး အနည်းဆုံး ရေကြီးနစ်မြုပ်တဲ့ ရပ်ကွက် ၅ ခုလောက်က လူဦးရေ ၅၀၀ ကျော်လောက်ဟာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနကတော့ မြန်မာနိုင်ငံတဝန်း မြစ်ရေကြီးတာ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။